ရှပ်ပြေးရေယာဉ် တွေ့ရှိ၊ လူ ၅၀ ပျောက်ဆုံးနေဆဲ

မနေ့ မနက် ၉ နာရီခွဲက တာပိန်မြစ်ထဲ တိမ်းမှောက် နစ်မြုပ်သွားခဲ့တဲ့ မြမင်းအောင် (၁) ရှပ်ပြေးရေယာဉ်ကို အဲဒီ ဂိတ်နဲ့ ၁၀ ကိုက်အကွာ ပေ၃၀ အနက်ရှိတဲ့ တာပိန်မြစ်ကြမ်းပြင်မှာ ရေငုပ်သမားတွေနဲ့ ရှာဖွေတွေ့ရှိပြီ ဖြစ်ပေမဲ့၊ လူ ၅၀ ကျော်လောက်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

2012.07.21

လောလောဆယ် အဲဒီ သင်္ဘောကို ဒီကနေ့ ညဦးပိုင်းလောက်မှာ ကမ်းဖက်ကို ဆွဲကပ်နိုင်ဖို့ ကြိုးစားနေကြတယ်လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ကူညီ ဆောင်ရွက်နေတဲ့ ဗန်မော်မြို့သူ တစ်ဦးက RFA ကို ပြောပါတယ်။

မနေ့က ကယ်တင်နိုင်ခဲ့တဲ့ ၇၄ ယောက်ထဲက တစ်ဦးဖြစ်တဲ့ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း ၉၁၄ က ဒုတပ်ကြပ် ကိုသီဟနိုင် ဆိုသူကတော့ သေဆုံးသွားခဲ့ပါတယ်။  အခုလ ၂၃ ရက်နေ့မှာ ကျင်းပမယ့် မြစ်ကြီးနား တက္ကသိုလ်ဇုန် ဘောလုံးပွဲကို ကစားဖို့ လာရောက်တဲ့ ဗန်းမော် တက္ကသိုလ် သချာၤဋ္ဌာန ပါမောက္ခ ဒေါက်တာ မျိုးသန့်နဲ့ ကျောင်းသား ၁၅ ယောက်ကိုတော့ ကယ်တင်နိုင်ခဲ့ပြီး တခြားဆရာ ၁ ယောက်နဲ့ ကျောင်းသား ၅ ယောက်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

နစ်မြှုပ်နေဆဲ ရှပ်ပြေးယာဉ်ကို ဆွဲကပ်နိုင်ဖို့ ပြည်တွင်းရေကြောင်းက သဘောၤနှစ်စီး၊ ကားကြီး နှစ်စီး အပါအဝင် ဒေသခံ ပြည်သူတွေနဲ့ ကြိုးစားဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းမှာတော့ သင်္ဘောနစ်မြုပ်တဲ့ နေရာအနီးကို ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာ ရောက်ရှိခဲ့ပြီး ပျောက်ဆုံးနေဆဲ လူ ၅၀ ကျော်အတွက် ဝမ်းနည်းစကား ပြောကြားခဲ့ပြီး ဒေသခံ အုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ နိုင်ငံရေးပါတီတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။