တိုက်ပွဲရပ်စဲရေး ညှိနှိုင်းပေးဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ အဆိုပြု

0:00 / 0:00

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တအာင်းလွတ်မြောက်ရေးတပ်မတော် PSLF/TNLA နဲ့ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်စဲဖို့ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီက ကြားဝင်ညှိနှိုင်းပေးနိုင်မယ်လို့ မနေ့က သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ရဲ့ ကမ်းလှမ်းချက်ကို ရရှိထားပြီးဖြစ်ပေမယ့် စေလွှတ်တဲ့ ကိုယ်စားလှယ်တွေ မရောက်လာသေးဘူးလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှက ပြောပါတယ်။

"အဆက်အသွယ်လုပ်လာတာတော့ အသိပေးလာတာတော့ ရှိပါတယ်၊ ဘယ်နေ့တွေ့ကြမလဲတော့ မသိပါ ဘူး၊ နယ်စပ်ဘက်ရောက်လာပြီဆိုတော့ ကျနော်တို့ အဲ့ဒီလိုပဲကြားရပါတယ်၊ ထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဖို့တော့ စီစဉ်ပါတယ်၊ ကောင်းမွန်တဲ့ကိစ္စဆိုတော့ ဘယ်သူမဆိုနော် ကျနော်တို့အားလုံး လက်ခံပါတယ်"

တအာင်းလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာအိုက်ကျော်ကလည်း ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ထုတ်ပြန်ကြေညာချက်ကိုတွေ့ရှိပေမယ့် တရားဝင်အကြောင်းကြားတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။

RCSS နဲ့ TNLA တို့ဟာပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စတင်ပြီးရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲ၊ သီပေါနဲ့ နမ့်မတူမြို့တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေရပ်စဲရေးအတွက် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက ကြားဝင်ညှိနှိုင်းပေးခဲ့ပြီး နှစ်ဖက်တာဝန်ရှိသူတွေထိပ်တိုက်တွေ့ဆုံဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအနီးဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တော့ဆန် ၊ ညောင်မောင်း၊ ပန်စံ၊ ညောင်ပန်လှ၊ ပါခါး၊ ကန့်ကန်၊ စံဟိန်း၊ မင်းကုန်း စတဲ့ကျေးရွာတွေက ဒေသခံ ၂ဝဝဝ လောက်ဟာ ကျောက်မဲမြို့နဲ့ မိုင်းလုံမြို့တွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒီအကြောင်း မဝေမာထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။