ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ဆွေးနွေးတဲ့နည်းနဲ့ SSPP ကြိုးစားမည်


2019-08-03
Share
sspp-ssa-622.jpg SSPP/SSA တပ်ဖွဲ့ဝင်များကို ၂၀၁၉၊ ဧပြီ ၂၄ ရက်နေ့က ကျင်းပတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် ၅၅ နှစ်ပြည့်အခမ်းအနားမှာ တွေ့ရစဉ်
ဓါတ်ပုံ - ကံသာ/ RFA

ရပ်တန့်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့အတွက် ဘဝတူ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ကြေညာချက်ထုတ်လိုက်ပါတယ်။

ဇူလိုင်လ ၂၂ ရက်နေ့ကနေ သြဂုတ်လ ၂ ရက်နေ့အထိ SSPP ဌာနချုပ် ဝမ်ဟိုင်းမှာ ကျင်းပခဲ့တဲ့ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးအပြီးမှာ မနေ့က နေ့စွဲနဲ့ ကြေညာချက် ထုတ်လိုက်တာဖြစ်ပါတယ်။

တိုင်းရင်းသားအားလုံး လိုလားနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ လက်တွဲပြီး တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ရပ်တည်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

SSPP နာယက ဗိုလ်ချုပ်ကြီး ဆေထင် အပါအဝင် ဗဟိုကော်မတီဝင်တွေနဲ့ အရံဗဟိုကော်မတီဝင်တွေ စုစုပေါင်း ၃၇ ဦး တက်ရောက်ခဲ့တဲ့ မျက်နှာစုံညီအစည်းအဝေးမှာ ခြောက်လတာအတွင်း ဆောင်ရွက်ခဲ့တာတွေကို သုံးသပ်ခဲ့ကြပြီး ရှေ့ဆက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ရာမှာ ငြိမ်းချမ်းရေးကိစ္စကို ထည့်သွင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ SSPP ပါဝင်တဲ့ FPNCC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်တွေဖြစ်တဲ့ KIA၊ AA၊ TNLA၊ MNDAA အဖွဲ့တွေနဲ့ အစိုးရတို့ Bilateral လက်မှတ်ရေးထိုးရေးဆွေးနွေးပွဲဟာ မကျင်းပဖြစ်သေးဘဲ တွေ့ဆုံဆွေးနွေးဖို့ အခက်အခဲတွေ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။