ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ WY ဆေးပြား ၁၄ သန်း ဖမ်းဆီးနိုင်ဖို့အတွက် တောထဲမှာ ၈ ရက်ကြာ နေထိုင်ပြီး ကြိုးစားဖော်ထုတ်ပေးခဲ့တဲ့ ဒေသခံ ကိုရာဇာဟိန်း ကို ဒီဇင်ဘာလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ရွေးချယ်လိုက်ပါတယ်။
ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဒေသခံ ကိုရာဇာဟိန်း ကမိသားစုနဲ့ မိမိအသက်အန္တရာယ် စိုးရိမ်ရတာကြောင့် လုံခြုံရေး ဆောင်ရွက်ပေးစေလိုတယ်လို့ ပြောပါတယ်။
"ခုချိန်ထိကို ကျနော့်ကို ကာကွယ်ပေးဖို့ ဘာတို့လာလည်း မမေးကြဘူး။ ကျနော်အဲ့ဆုတော့ မမက်မောဘူး။ အမှန်တိုင်းပြောရမယ်ဆိုရင်။ ကျနော် တာဝန်ထမ်းဆောင်ခဲ့တဲ့အတိုင်းကို နိုင်ငံတော်က အသိမှတ်ပြုပေးတာကို ကျနော်လက်ခံတယ်။ ကျေးဇူးလည်းတင်တယ်။ ပီတိလည်း ဖြစ်တယ်ပေါ့နော်။ ခု ကျနော့် အသက်အန္တရာယ်အတွက်ကို လုံခြုံရေးလေးတော့ ထားပေးစေချင်တယ်။ တောင်းဆိုပါတယ်။"
ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့နေ အသက် ၃၅ နှစ်အရွယ် ကိုရာဇာဟိန်းဟာ ဥသျှစ်ပင်မြို့ကနေ ၂၇ မိုင်နီး ပါးဝေးတဲ့ တောင်ပေါ်ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဝေယျာဝစ္စအလုပ်တွေ သွားရောက်လုပ်ကိုင်ပေးရင်း ဘုန်းကြီးကျောင်းအနီးက နေအိမ်တစ်လုံးထံ ဆီသယ်ယာဉ် တစ်စီးဝင်ရောက်လာတာကို တွေ့ခဲ့ပြီး ဆီသယ် ယာဉ်ပေါ်မှာ မသင်္ကာဖွယ်အထုပ်တွေ တင်ဆောင်လာတာကို တွေ့တာကြောင့် ၈ ရက်ကြာ စောင့်ဆိုင်းပြီး စုံစမ်းခဲ့တာဖြစ်ပါတယ်။
ကိုရာဇာဟိန်းဟာ သူနဲ့ဆွေမျိုးတော်စပ်သူ ဥသျှစ်ပင်ယာဉ်ထိန်းရဲတပ်ဖွဲ့ က ရဲအုပ်ကျော်စိုးဦးနဲ့ ချိတ်ဆက်ပြီး စုံစမ်းခဲ့ရာမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက် ၅ နာရီခန့်မှာ အဲဒီဆီသယ်ယာဉ်က နေအိမ်ကနေ ထွက်သွား တာကို နောက်ယောင်ခံလိုက်ရင်း ရဲတပ်ဖွဲ့ကို သတင်းပေး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဆီသယ်ယာဉ်ပေါ်မှာ လိုက်ပါလာသူ ၄ ဦးအနက် ၃ ဦးကိုသာ ဖမ်းဆီးနိုင်ပြီး အမှုနဲ့အဓိက ပတ်သက်သူတစ်ဦးက ထွက်ပြေးလွတ်မြောက်နေတယ်လို့ ကိုရာဇာဟိန်း ကပြောပါတယ်။
တစ်စုံတရာဖိအားပေးမှု၊ တိုက်တွန်းမှု၊ ခိုင်းစေမှုမရှိဘဲ ဆောင်ရွက်ခဲ့တဲ့အတွက် ကိုရာဇာဟိန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်တာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
