တိုင်းရင်းသားပြည်နယ်တွေရဲ့ နေ့ထူးနေ့မြတ်ရက်တွေကို အစိုးရရဲ့ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်နိုင်ပေး ဖို့အတွက် ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို ပြည်သူ့လွှတ်တော် ဥက္ကဌက ပြောကြားလိုက်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်က အခုလို ပြောလိုက်ပါတယ်။
"မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း မေးတဲ့မေးခွန်းမျိုးဟာ အကျိုးရှိတယ်၊ မကြာခဏ မေးလေ့မေးထရှိတဲ့ မေးခွန်းမျိုးဖြစ်ပါတယ်၊ နောင်လည်း မေးမြန်းလာမှာဖြစ်ပါတယ်၊ ဒါ့ကြောင့် ပြည်နယ်များအနေနဲ့ တပြေးညီဖြစ်စေရေးအတွက် တိုင်းရင်းသားရေးရာဝန်ကြီးအနေနဲ့ သက်ဆိုင်ရာ ပြည်နယ်အလိုက် နေ့ထူးနေ့မြတ်မှာ တရားဝင် ရုံးပိတ်ရက်သတ်မှတ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရဆီ တင်ပြညှိနှိုင်းပြီး ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ်"
မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက လူမျိုးကို အခြေခံတဲ့ အမျိုးသားနေ့၊ နှစ်သစ်ကူးနေ့ စတဲ့ အထင်ကရနေ့ရက်တွေကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ ရှိ မရှိ မေးမြန်းခဲ့ပါတယ်။
တိုင်းရင်းသားရေးရာဝန်ကြီးဌာနဟာ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေးကို ဆောင်ရွက်ပေးရတဲ့ ဌာနဖြစ်တဲ့အတွက် ဒီကိစ္စကိုဦးစားပေးဆောင်ရွက်ပေးဖို့ လွှတ်တော်ဥက္ကဌက ပြောပါတယ်။
တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေကို လုပ်ပိုင်ခွင့် ကျယ်ကျယ်ပြန့်ပြန့် သက်မှတ်ထားပြီးဖြစ်တဲ့အတွက် ပြည်ထောင်စုအစိုးရအနေနဲ့ သတ်မှတ်ဖို့ မရှိကြောင်း ဖြေကြားခဲ့ပါတယ်။ အဲဒါကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဌက ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် အနေနဲ့ ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုက်တာဖြစ်ပါတယ်။
