မလေးကုမ္ပဏီကို ဆီအုန်းစိုက်ပျိုးမှု ရပ်ဆိုင်းထားဖို့ ညွှန်ကြား

2016-07-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြိတ်ခရိုင် တနင်္သာရီမြို့နယ်က ဆီအုန်းစိုက်ခင်းတစ်ခုကို တွေ့ရစဉ်
မြိတ်ခရိုင် တနင်္သာရီမြို့နယ်က ဆီအုန်းစိုက်ခင်းတစ်ခုကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/ RFA

မြိတ်ခရိုင် တနင်္သာရီမြို့နယ်က ကရင်တိုင်းရင်းသားအများစုနေထိုင်တဲ့ ကဝတ်-ကော့မပြင်း ကျေးရွာတွေ တ၀ိုက်က မြေဧက ၄ သောင်းကျော်မှာ မလေးရှားနိုင်ငံ MSPP (Myanmar Stark Prestige Plantation) ကုမ္ပဏီက ဆီအုန်းစိုက်ပျိုးနေတာကို ရပ်ဆိုင်းထားဖို့ တနသာင်္ရီမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒီကနေ့ ညွှန်ကြားလိုက်ပါတယ်။

MSPP ကုမ္ပဏီဟာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ရဲ့ ခွင့်ပြုချက်သာရရှိထားပြီး မြေယာ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ခွင့်ပြုချက်မရထားတဲ့အတွက် စိုက်ပျိုးတာတွေရပ်ဆိုင်းထားဖို့ ညွှန်ကြားခဲ့တာလို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တနသာင်္ရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း က ပြောပါတယ်။

"သူတို့ဟာ မြေယာဥပဒေနဲ့အညီ လုပ်ထားတဲ့ဟာမရှိဘူး၊ ဒီခွင့်ပြုချက်တစ်ခုတည်းနဲ့ပဲ သူတို့ကလုပ်ခဲ့တယ်ပေါ့၊ သူတို့ကုမ္ပဏီသိတဲ့ဟာက MIC က ခွင့်ပြုတယ်ဆိုတဲ့ဟာကို သူတို့က မြေယာလုပ်ပိုင်ခွင့် တခါတည်းရထားတယ် လို့ သဘောပေါက်ပုံရတယ်၊ မြို့နယ်ကနေ ပြန်ရှင်းပြတာပေါ့၊ အဲ့ဒါက MIC ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုတာပေါ့၊ ပိုင်ဆိုင်မှုကိုကျတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ တည်ဆောက်ရမယ်၊ ခွင့်ပြုချက်ရမှ ခင်ဗျားတို့လုပ်ရမယ်၊ အခုလောလောဆယ်မှာ အသစ်ချဲ့ထွင်ပြီး စိုက်ပျိုးတဲ့ဟာကို ရပ်ဆိုင်းထားပေးဖို့ဆိုပြီး မြို့နယ်ကပြောတယ်၊ သူတို့ကလည်း လက်ခံပါတယ်"

တနသာင်္ရီမြို့နယ် အထွေအထွေအုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကုမ္ပဏီတာဝန် ရှိသူတွေဟာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးမှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

MSPP ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက ဆီအုန်းပင်တွေ စတင်စိုက်ပျိုးခဲ့တာ ဖြစ်ပြီး လက်ရှိ မြေဧက ၇၀၀၀ ကျော်မှာ ဆီအုန်းပင်တွေ စိုက်ပျိုးထားတယ်လို့ ဦးအောင်ကျော်ဟိန်း က ပြောပါတယ်။ MSPP ကုမ္ပဏီ ဆီအုန်းစိုက်ပျိုးတဲ့မြေတွေမှာ ဒေသခံတွေရဲ့ ဥယျာဉ်ခြံမြေတွေ ပါဝင်နေတဲ့ အတွက် တောင်သူတွေ စားဝတ်နေရေး ခက်ခဲနေတဲ့အကြောင်း တင်ပြကြတယ်လို့လည်း ဦးအောင်ကျော်ဟိန်းက ပြောပါတယ်။

အဲ့ဒီဒေသဟာ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ခဲ့တဲ့ နေရာတွေဖြစ်ပြီး ဒေသခံတွေနဲ့ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတာ ဖြစ်ပါတယ်။

ဆိုက်တခုလုံးသို့