ရခိုင်စစ်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်ကို ကုန်ပစ္စည်းတင်ပို့မှုရပ်ဆိုင်း

ရခိုင်ပြည်နယ်က စစ်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်နက်ဖ်ဆိပ်ကမ်းကနေတစ်ဆင့်ပို့နေတဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစလို့ ရပ်ဆိုင်းသွားပြီလို့ The Daily Star သတင်းမှာ ဒီနေ့ ဖော်ပြထားပါတယ်။

အဲဒီကုန်သွယ်ရေးလမ်းကနေ မြန်မာပြည်က အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်တွေ တင်ပို့နေတာပါ။ အခုတော့ မွတ်စလင်တွေရဲ့ ဥပုသ်လမတိုင်ခင်မှာ ပြည်တွင်းစျေးကွက်မှာ လိုနေတဲ့ပစ္စည်းတွေ မရောက်တော့ဘူးလို့ ဘင်္ဂလားဒေ့ရှ် ကုန်သည်တွေက သတိပေးလိုက်ပါတယ်။

ရခိုင်မှာ စစ်ဆင်ရေးစခဲ့တဲ့ နိုဝင်ဘာလမတိုင်ခင်က တစ်ရက်ကို သင်္ဘော ၁၅ စင်းကနေ ၂၂ စင်းအထိ ရောက်ပြီး ရေခဲရိုက်ငါး၊ ချဉ်ဖတ်၊ ငါးခြောက်၊ ဆန်၊ အုန်းသီးခြောက်၊ ကြက်သွန်၊ ချင်း (ဂျင်း) နဲ့ သစ်မာတွေ ပါလာတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလနောက်ပိုင်းမှာတော့ တစ်ရက်ကို သင်္ဘော ၅ စင်း ၆ စင်းလောက်ပဲ ဝင်တော့ရာကနေ အခုတော့ လုံးဝရပ်သွားတယ်လို့ ပြောပါတယ်။
မြန်မာကုန်သည်တွေအတွက် နောက်ထပ်အခက်အခဲက မောင်တောနဲ့ စစ်တွေကဘဏ်နှစ်ခုမှာ ဆက်သွယ်ရေး ပြတ်တောက်နေလို့ ငွေလွှဲလို့မရတာလည်းဖြစ်နေတယ်လို့ ပြောပါတယ်။