လေပြင်းတိုက်ခတ်မှုကြောင့် နေ အိမ် ၂၅၀ ကျော် ပျက်စီးမှုရှိ


2017.04.15
storm-destroy-620.jpg လေပြင်းတိုက်ခတ်မှုကြောင့် ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့က ဈေးဆိုင်ခန်းတချို့ ပျက်စီးသွားတာကို ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ်
Photo: U Nay Zaw

ရန်ကုန်၊ ပဲခူး၊ တနသာၤရီ၊ ရှမ်း၊ မွန် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မနေ့က လေပြင်း တိုက်ခတ်ခဲ့တာကြောင့် စုစုပေါင်း နေအိမ် ၂၅၀ ကျော် အမိုးလန်ပြီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းမှာ ပျက်စီးတဲ့နေအိမ်အရေအတွက် ပိုများတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

"ပဲခူးဘက်ပေါ့နော်၊ အုတ်တွင်းမှာကတော့ နည်းနည်းလေးများတယ်၊ သူက ၈၀ လောက်ရှိတာပေါ့နော်၊ တိုက်ကြီးမှာလည်း နည်းနည်းများတယ်၊ စုစုပေါင်းဆို ၁၂၉ လုံး၊ မော်လမြိုင်ဘက်ကကျတော့ မနေ့ကဖြစ်တာ၊ သူက ၁၇ လုံးလောက်ပေါ့၊ သူက မြေပြင်ကိုတော့သွားကြည့်ရတယ်၊ အုတ်တွင်းဆိုရင် အခု အစ်မတို့ ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်သွားနေတယ်။"

ပဲခူးတိုင်းအတွင်းက မြို့နယ်တွေဖြစ်တဲ့ အုတ်တွင်းမှာ နေအိမ် ၈၀၊ မိုးညို၊ အုတ်ဖိုနဲ့ ပေါင်းတည်တို့က နေအိမ် ၂၆ လုံး၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က အလယ်တန်းကျောင်းတစ်ကျောင်းနဲ့ ရုပ်ရှင်ရုံတစ်ရုံ၊ တနသာၤရီတိုင်းဒေသကြီး မြိတ်မြို့က နေအိမ် ၁လုံးတို့လည်း လေပြင်းဒဏ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

နေအိမ်ပျက်စီးသွားတဲ့ အိမ်ထောင်စုတွေအတွက် ဒေသအလိုက် တာဝန်ရှိသူတွေက ကွင်းဆင်းပြီး အိမ်ဆောက်ပစ္စည်းတွေနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ ထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ကို မုန်တိုင်းဝင်ဖို့ရှိကြောင်း မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားတဲ့ အတွက် ဒေသအလိုက်တာဝန်ရှိသူတွေကို ကြိုတင်ပြင်ဆင်မှု ဆောင်ရွက်ဖို့ အကြောင်းကြားထားပြီး ပြည်သူတွေကို သတိပေးချက်တွေ ထုတ်ပြန်ထားကြောင်းလည်း ပြောပါတယ်။

အရေးပေါ်ကူညီကယ်ဆယ်ဖို့နဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်ဖို့အတွက်လည်း အဆင်သင့်ပြင် ဆင်ထားတယ်လို့ ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။