အပူပိုင်းမုန်တိုင်းငယ် မြန်မာနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်နိုင်
2024.09.18
တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာနိုင်ပြီး ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းကနေတစ်ဆင့် လာမဲ့ စက်တင်ဘာ ၂၁ ရက်နေ့မှာ မြန်မာနိုင်ငံအရှေ့ပိုင်း ဒေသတွေကို ဖြတ်ကျော် ဝင်ရောက်လာနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၁၇ ရက်နေ့ ညနေမှာ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံကို ဖြတ်ကျော်လာနိုင်တဲ့ လေပွေလှိုင်းရဲ့အရှိန်ကြောင့် စက်တင်ဘာ ၂၁ ရက်နေ့ကစပြီး ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ မိုးအလွန်သည်းထန်နိုင်ပြီး ရေကြီးရေလျှံတာနဲ့အတူ တောင်ကျချောင်းရေ ကျဆင်းတာ၊ မြေပြိုတာတွေ ဖြစ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကလည်း ကနဦး ခန့်မှန်းချက်ကို ဒီနေ့ မနက် ၁၁ နာရီမှာ အသိပေး ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၂၁ နဲ့ ၂၂ ရက်မှာ လေပွေလှိုင်းရွေ့လျားရာ လမ်းတလျှောက်မှာရှိတဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း အရှေ့ခြမ်းနဲ့ အနောက်ခြမ်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံဖြစ်လာနိုင်ချေ မြင့်မားလို့ ကြိုတင်ပြင်ဆင်ထားကြဖို့ကို မိုးလေဝသပညာရှင် ဦးဝင်းနိုင်က တိုက်တွန်းထားပါတယ်။
“အထူးသဖြင့်တော့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဘက်မှာ မိုးပိုများပါမယ်။ ပြီးခဲ့တဲ့ တိုက်ဖွန်းရာဂီ ဝင်သွားတုန်းက မိုးရေချိန်နီးပါးလောက်အထိ များနိုင်ပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက် ရေကြီးထားတုန်းက ရှင်းလင်းနေဆဲ နေရာတွေမှာတော့ မိုးတအားများတဲ့ သက်ရောက်မှုမဖြစ်ဘူး။ အရင်ရေကြီးခဲ့တဲ့ နေရာတွေနဲ့ မတူတဲ့နေရာတွေမှာ ဖြစ်မဲ့အခြေအနေရှိနေပါတယ်”
အဲဒီ အပူပိုင်းမုန်တိုင်းငယ်ရဲ့ အကြွင်းအကျန် တိမ်တိုက်တွေနဲ့ လေပွေလှိုင်းဟာ မြန်မာနိုင်ငံကို ဖြတ်ကျော်ပြီးတဲ့နောက် ဘင်္ဂလားပင်လယ်အော်ထဲမှာ လေဖိအားနည်း ရပ်ဝန်းအဖြစ် ပြန်လည်အစပျိုးအားကောင်းလာနိုင်တယ် လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစားဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် မှာ အနည်းဆုံး မုန်တိုင်းငယ်အဆင့်အထိ ပြန်ဖြစ်လာနိုင်တာကြောင့် လေပြင်းတိုက်ခတ်တာနဲ့ မိုးသည်းထန်တာတွေကို ရခိုင်ကမ်းရိုးတန်းတစ်ခုလုံး သတိထားကြရမှာဖြစ်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။
ဗီယက်နမ်နိုင်ငံကို ပြီးခဲ့တဲ့ရက်ပိုင်းက ဝင်ခဲ့တဲ့မုန်တိုင်းရာဂီ အရှိန်ကြောင့် မြန်မာနိုင်ငံမှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး RFA က စက်တင်ဘာလ ၁၈ ရက်အထိ ရရှိထားတဲ့ စာရင်းအရ နိုင်ငံတစ်ဝန်း ရေကြီး၊ မြေပြိုမှုကြောင့် လူပေါင်း ၂၈၀ ဦးသေဆုံးပြီး နှစ်ရာထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်သလို မြေပြင်မှာ ဒီအရေအတွက်ထက် များနိုင်ပါတယ်။