ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုပိုင်ဖြိုးမင်းကို ဒီနေ့ ပန်းဘဲတန်းမြို့နယ် ရဲစခန်းက ရန် ကုန်မြို့ မြောက်ဥက္ကလာပမှာရှိတဲ့ သူ့နေအိမ်ကိုလာပြီး ပုဒ်မ ၁၈ နဲ့ အမှုဖွင့် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က သိမ်ကြီးဈေးရှေ့မှာ ဖွဲ့စည်းပုံပြင်ရေးနဲ့ လွှတ်တော်တွင်းက တပ်မတော်သားကိုယ်စားလှယ်တွေ နှုတ်ထွက်ပေးရေးအတွက် ဆန္ဒပြတောင်းဆိုရာမှာ ပါဝင်ခဲ့တာကြောင့် လာဖမ်းတာဖြစ်တယ်လို့ ကိုပိုင်ဖြိုးမင်းက ပြောပါတယ်။
"ကျနော့်အိမ်ကို စာမပို့ဘဲနဲ့ ကျနော့်အိမ်ကို ဝရမ်းကြီးနဲ့ လာတာ၊ ကျနော်ကပြန်ပြောတော့ သူ့အထက်လူကြီးနဲ့ ဖုန်းခနပြောပြီးတော့ ကျနော်ကိုပြန်လျှောချ သွားတယ်၊ ကျနော်ကတော့ ရင်မဆိုင်ဘူးခင်ဗျ၊ ရင်မဆိုင်တော့ ကျနော့်ကိုနည်းအမျိုးမျိုးနဲ့ ရင်ဆိုင်အောင်လုပ်တယ်၊ ကျနော်အဖမ်းခံမယ်၊ အကိုတို့နောက် လိုက်မယ်လို့ ပြောတော့ ပြန်လျှောချသွားတယ်၊ ပုဒ်မ ၁၈ ဆိုတာက ကျနော်တို့နိုင်ငံသား တစ်ယောက် ရသင့်ရထိုက်တဲ့အခွင့်အရေးကို အကာအကွယ်မပေးဘဲနဲ့ တားဆီးပိတ်ပင်တဲ့ ပုဒ်မလို့ ကျနော်မြင်တယ်၊ သာရေကွင်းလို လျှော့လိုက်၊ တင်းလိုက်လုပ်တာကို ကျနော်တို့သဘောမကျဘူး"
ကိုပိုင်ဖြိုးမင်းကို ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် ရဲစခန်းက ရဲအုပ် ရဲမင်းစိုးက ဦးဆောင်ပြီး လာ ရောက် ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ပန်းဘဲတန်းမြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အဲဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုနန်းလင်းတို့လည်း လက်ရှိမှာ အမှုရင်ဆိုင်နေကြရပါတယ်။
