လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွဲခံရမှု ၂ လပြည့် ကျင်းပ


2015-05-10
Share
students-crackdown-anniversary-305.jpg လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွင်းခံရခြင်း ၂ လပြည့် အခမ်းနားကို ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ နာရေး ကူညီမှုအသင်းမှာ မေလ ၁၀ ရက်နေ့က ကျင်းပနေစဉ်။
Photo: Aung Ko Ko/ RFA

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗကသ တည်ထောင်ခြင်း ၇၉ နှစ်ပြည့်နဲ့ လက်ပံ တန်းကျောင်းသားသပိတ် ဖြိုခွင်းခံရခြင်း ၂ လပြည့် အခမ်းနားကို ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှာ ဒီကနေ့ ကျင်းပပါ တယ်။

အဲ့အခမ်းနားမှာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အားလုံး စည်းလုံးညီညွတ်ကြဖို့ လက်ရှိ ဗကသ ဥက္ကဌ ကိုကျော်ကိုကို က ဗီဒီယိုမိန့်ခွန်းကနေ တဆင့် တိုက်တွန်းပြောဆိုခဲ့ပါတယ်။

"ကျနော်တို့ဟာ ဗကသရဲ့မူဝါဒ ၅ ချက်အောက်မှာ တညီတညွတ်တည်း ဖြစ်ဖို့လိုပါတယ်၊ ကျနော်တို့ ဗကသများ အဖွဲ့ချုပ်ရဲ့အလံတော်အောက်မှာ အားလုံးညီညီညွတ်ညွတ်နဲ့ တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိနဲ့ ဆောင်ရွက်ကြပါ၊ ညီညီညွတ် ညွတ်ဆောင်ရွက်မှ ကျနော်တို့အောင်မြင်ပါလိမ့်မယ်၊ မညီညွတ်ဘူးဆိုရင် ကျနော်တို့ရဲ့ရန်သူဟာ ကျားနှစ်ကောင်ကိုက်တာကို တောင်ထိပ်က လက်ပိုက်ကြည့်ပြီး အမြတ်ထွက်သွားပါလိမ့်မယ်လို့ ရဲဘော်တွေကို သတိပေးချင်ပါတယ်"

အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်၊ ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက်၊ လူ့ဘောင်သစ်လူငယ်အဖွဲ့နဲ့ လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီ စတဲ့အဖွဲ့စည်း ၁၇ ဖွဲ့တို့က သဝဏ် လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

အလားတူ ဗကသ ၇၉ နှစ်ပြည့်အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့မှာ ကျင်းပခဲ့ပါတယ်။ ဗကသအဖွဲ့ချုပ်ကို အမှတ်ရစေဖို့အတွက် ပထမဆုံးအောင်ပန်းမြို့မှာ ကျင်းပတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်း သားဟောင်း ကိုဘိုဘိုဟန်ကပြောပါတယ်။

"ကျောင်းသားတွေဟာ ဘယ်တော့မှ နောက်တန်းမှာမရှိခဲ့ပါဘူး၊ ဒီလိုသမိုင်း အစဉ်အလာကြီးမားခဲ့တဲ့ အဆင့်ဆင့်လက်ဆင့်ကမ်း လွှဲပြောင်းပေးခဲ့တဲ့ ဗကသ အဖွဲ့ချုပ်ရဲ့အစဉ်လာကြီးမားမှုကို ကျနော်တို့ အမြဲသတိရနေစေရန် ကျောင်းသား တို့ရဲ့စွန့်လွှတ်အနစ်နာခံမှုကို ကျနော်တို့ပြည်သူတွေအားလုံးက သတိရနေစေရန်၊ နောက်တခါ အာဏာရှင်စစ်အစိုးရကိုလည်း ဒီနေရာကနေပြီးတော့ ကျောင်းသား တွေဟာ လူသာနာသွားမယ် ဘယ်တော့မှ နိုင်ငံရေးမနာဘူး"

လက်ပံတန်းကျောင်းသားသပိတ်စခန်း ဖြိုခွင်းခံရပြီး လက်ရှိသာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရ တဲ့ ကျောင်းသူ ကျောင်းသား ၇၀ လောက်ဟာ ဗကသအဖွဲ့ဝင်တွေဖြစ်ပါတယ်။ ဒီနေ့ ရန်ကုန်မြို့က အခမ်းအနားကို ၈၈မျိုးဆက် ငြိမ်ချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း တက်ရောက် ဂုဏ်ပြုခဲ့ ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုအောင်ကိုကို သတင်းပေးပို့ ထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့