ပင်မကျောင်းသားသပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှု ရန်ကုန်မှာ ကန့်ကွက်ဆန္ဒပြ

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့က ကျောင်းသား သပိတ်စခန်း အကြမ်းဖက်ဖြိုခဲွဲခံရတာကို ကန့်ကွက်ကြောင်း ကျောင်းသား ကျောင်းသူ ၁၀၀ ကျော်က ရန်ကုန်မြို့ လှည်းတန်းဈေးရှေ့မှာ ဆန္ဒပြကြပါတယ်။

ဒီနေ့ လှည်းတန်းဈေးအနီး ကန့်ကွက်ဆန္ဒပြရာမှာလည်း အကြမ်းဖက်ရိုက်နှက်တာတွေရှိတယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖဲ့ွချုပ်က ကိုလင်းထက်နိုင်က ပြောပါတယ်။

"ကျောင်းသားသပိတ်ကို ဒီလိုမျိုးအကြမ်းဖက်တယ်၊ ကျနော်တို့ကျောင်းသားတွေတောင်းဆိုတဲ့ ဒီမိုကရေစီ ပညာရေး အခုထိမရသေးဘူးဖြစ်နေတယ်၊ ဒါကြောင့် ဒီနေ့ဆန္ဒပြပွဲလုပ်တယ်၊ အဆမတန်အင်အားနဲ့ တားဆီးတာ၊ ကျောင်းသားတစ်ယောက်ကို ရိုက်ပြီး ဖမ်းလိုက်တာ၊ ပြည်သူတွေကို ရဲတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုကြောင့် စိုးရိမ်မှုမဖြစ်စေချင်ဘူး၊ ကျနော်တု့ိကျောင်းသားတွေ ကျနော်တို့ခံရဲတယ်၊ ဒါပေမဲ့ ကျနော်တို့ကြောင့် ပြည်သူတွေ မျက်ရည်မကျစေချင်ဘူး၊ ဒါကြောင့်မို့ အခြေအနေတင်းမာမှုကို လျော့ချ ပြီးတော့၊ သူတို့ဖမ်းထားတဲ့ကျောင်းသားကို ပြန်ပေးရင် ကျနော်တို့လူစုခွဲပေးမယ်ဆိုပြီးတော့ ညှိပါတယ်၊ ညှိတဲ့အခါ ကျနော်တို့ကျောင်းသားကိုပြန်ပေးတယ်"

အဲဒီဆန္ဒပြပွဲကို လက်ပံတန်းသပိတ်စခန်းကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ ဥက္ကဌ ကိုကျော်ကိုကို နဲ့ အဲဒီ့သပိတ်စခန်းကနေ လွတ်မြောက်လာတဲ့ ကျောင်းသား ကျောင်းသူတွေ လည်း ပါဝင်ပါတယ်။

ဆန္ဒပြသူတွေဟာ လှည်းတန်းဈေးရှေ့ကနေ ပြည်လမ်းမပေါ်က ဆေးတက္ကသိုလ်ရှေ့အထိ လမ်းလျှောက်ခဲ့ကြ တာဖြစ်ပါတယ်။

အဲဒီဆန္ဒပြပွဲဟာ မူလက ရန်ကုန်မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဖို့စီစဉ်ခဲ့ပေမယ့် ကျောင်းသားတစ်ဦး ရိုက်နှက်ဖမ်းဆီးခံရတာကြောင့် အဲဒီကျောင်းသားကို ပြန်လွှတ်ပေးဖို့ တောင်းဆိုညှိနှိုင်းပြီး ဆန္ဒပြမှုကို ရပ်တန့်လိုက်ပါတယ်။