ကျောင်းသားသပိတ် ထောက်ခံပွဲ များ ပြည်နဲ့ ရန်ကုန်မှာ ပြုလုပ်


2015.02.08
student-march-yangon-305.jpg ဒီမိုကရေစီပညာရေး လှုပ်ရှားမှုသပိတ်မှောက်ကျောင်း သားတွေကို ပြည်သူလူထုနဲ့ လူမှုအဖွဲ့အစည်းတွေက ထောက် ခံကြိုဆိုတဲ့အနေနဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းကနေ ဆူးလေထိချီတက်ဆန္ဒပြနေကြစဉ်။
Photo: Aung Ko Ko/ RFA

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက် ဆန္ဒပြ တဲ့ကျောင်းသားတွေကို ထောက်ခံ တဲ့အနေနဲ့ ပြည်မြို့ တက္ကသိုလ်ကျောင်းသားတွေ က ပြည်တက္ကသိုလ်ရှေ့မှာ ဒီနေ့ သပိတ်စခန်းဖွင့်ပြီး ကြိုဆိုကြပါတယ်။

မန္တလေးက ထွက်လာတဲ့ ကျောင်းသား ကျောင်းသူတွေ မကြာခင် ပြည်မြို့ကို ရောက်ရှိလာမှာဖြစ်လို့ ကြိုဆို တာဖြစ်တယ်လို့ ပြည်တက္ကသိုလ်ကျောင်းသား ကိုသန့်ဇင် ထက်က ပြောပါတယ်။

"ကျနော်တို့ပြည်တက္ကသိုလ်မှာရှိတဲ့ကျောင်းသားတွေ ကပေါ့နော်၊ ထိုင်သပိတ်အနေနဲ့ မန္တလေးကနေ ရန်ကုန်ထိချီတက်မယ့်ကျောင်းသားတွေကို သပိတ် စခန်းဖွင့်ပြီးတော့ ကျနော်တို့က ကျောင်းသား သပိတ်ကိုထောက်ခံ ကြိုဆိုမယ်၊ နောက်တစ်နေ့ မှာ ကျောင်းသားတွေမှာ အမျိုးသားပညာရေး ဥပဒေမူကြမ်းမှာ ဘယ်လိုအချက်တွေက အားနည်း ချက်၊ အားသာချက်တွေရှိတယ်၊ လက်ရှိပညာရေးစနစ်ဟာ ချွတ်ခြုံကြနေလို့ သပိတ်မှောက်ရခြင်း ရဲ့အကြောင်းကိုသိရှိပြီးတော့ မန္တလေးကနေ ရန်ကုန်အထိချီတက် လာတဲ့ကျောင်းသူ၊ ကျောင်းသားတွေ ကို ထောက်ခံကြိုဆိုကြမယ် "

ဇန်နဝါရီလ ၂၀ရက်နေ့စပြီး မန္တလေးကနေ ထွက်လာတဲ့ သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေဟာ ပြည်မြို့အနီး က ကသစ်ပန်ကျေးရွာမှာ ဒီညရပ်နားမှာ ဖြစ်ပါတယ်။

ဧရာဝတီသပိတ်မှောက်ကျောင်းသားတွေက မအူပင်မြို့မှာ ဒီနေ့လှည့်လည်ဆန္ဒပြ နေကြပြီး ထားဝယ် သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေက ရေးမြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

အဲ့ဒီသပိတ်မှောက် ကျောင်းသား ကျောင်းသူတွေကို ထောက်ခံတဲ့အနေနဲ့ အရပ်ဘက် လူမှုအဖွဲ့စည်းတွေ နဲ့ ကျောင်းသားကျောင်းသူတွေကလည်း ရန်ကုန်မြို့မှာ ဗိုလ်စိန်မှန် ကွင်းကနေ မြို့တော်ခန်းမရှေ့အထိ ဒီနေ့ လမ်းလျှောက်ဆန္ဒပြကြပါတယ်။

အစိုးရအနေနဲ့ သပိတ်မှောက်ကျောင်းသား ကျောင်းသူတွေကို အကြမ်းမဖက်ဖို့နဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲတွေ ပြန်လည် ကျင်းပဖို့ တောင်းဆိုကြတယ် လို့ ထောက်ခံဆန္ဒပြပွဲမှာ ပါဝင်တဲ့ အနုပညာတက္ကသိုလ် ကျောင်းသား ကိုအောင်သောင်း က ပြောပါတယ်။

"ဒီမိုကရေစီလှုပ်ရှားမှု ကျောင်းသားသပိတ်ကို ထောက်ခံပါတယ်ဆိုတဲ့အချက်တစ်ချက်၊ နောက်တစ်ခုက သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ ကျောင်း သားပြည်သူတွေကို အကြမ်းဖက်ခြင်း၊ ဖိနှိပ်မှုတွေမလုပ်ပါနဲ့ဆိုတဲ့ အကြောင်းတစ်ချက်ရယ်၊ နောက်တစ်ချက်ကတော့ ရိုးသားပွင့်လင်းတဲ့ဆွေးနွေးပွဲ ကနေတဆင့် ကျနော်တို့ ပညာရေးပြဿနာကို အဖြေရှာ ပေးဖို့ ဆွေးနွေးပွဲပြန်လည်ကျင်းပပေးပါပေါ့၊ တစ်ဖတ်သတ် ရွှေ့ဆိုင်းခြင်း မပြုလုပ်ပါနဲ့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ဒီနေ့ပွဲကိုပြုလုပ်ခဲ့တာပါ"

ထောက်ခံဆန္ဒပြပွဲမှာ ရှေ့နေများကွန်ယက်၊ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်၊ ဒဂုံတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်(သန်လျင်)၊ အနုပညာတက္ကသိုလ် တို့က ကျောင်းသား ကျောင်းသူတွေ ၅၀၀ လောက် ပါဝင်ကြပါတယ်။

ပြည်ထဲရေးဝန်ကြီး ဒုတိယ-ဗိုလ်ချုပ်ကြီး ကိုကိုက မနေ့က မြန်မာ့ရုပ်မြင်သံကြားမှာ  သပိတ်မှောက် ကျောင်း သား ကျောင်းသူတွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင် သူတွေ၊ အားပေး အားမြှောက်ပြုနေသူတွေရှိတာကြောင့် အဲ့ဒီအဖွဲ့ အစည်းတွေကို ဖော်ထုတ် သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဒါနဲ့ ပတ်သက်ပြီး ဆန္ဒပြကျောင်းသား ကျောင်းသူတွေနဲ့ အားပေးထောက်ခံ ကူညီသူတွေရဲ့ သဘောထားတွေကို RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။