ကျောင်းသားသမဂ္ဂ အဆောက် အဦး ပြန်လည်ဆောက်လုပ်ပေး ဖို့ ဆွေးနွေး
ရန်ကုန်တက္ကသိုလ်ဝင်းထဲက ကျောင်းသား သမဂ္ဂ အဆောက်အဦးဟောင်းကို ပြန်လည်ဆောက်လုပ်ဖို့အတွက် အစိုးရအပါအဝင် ကျောင်းသား သမဂ္ဂမျိုးဆက် အဆက်ဆက်က ခေါင်းဆောင်ဟောင်းတွေ ပါဝင်တဲ့ ကော်မတီတွေ ဖွဲ့စည်းသွားမယ်လို့ တကသ ကျောင်းသား ကိုဇေယျာလွင် က ပြောပါတယ်။
-
2017-02-14 -
-
-
ရန်ကုန်တက္ကသိုလ်ဝင်းထဲက ကျောင်းသားသမဂ္ဂ အဆောက်အဦးဟောင်းကို ပြန်လည်ဆောက်လုပ်ဖို့အတွက် အစိုးရအပါအဝင် ကျောင်းသားသမဂ္ဂမျိုးဆက် အဆက်ဆက်က ခေါင်းဆောင်ဟောင်းတွေ ပါဝင်တဲ့ ကော်မတီတွေ ဖွဲ့စည်းသွားမယ်လို့ တကသ ကျောင်းသား ကိုဇေယျာလွင် က ပြောပါတယ်။
မနေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တကသ အဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်း တကသ ကျောင်းသား ကိုဇေယျာလွင် က အခုလိုပြောပါတယ်။
"အလုပ်သဘောဆွေးနွေးဖြစ်ကြတယ်ပေါ့၊ ဒီရက်ပိုင်းတွင်းမှာပဲ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ အစည်း အဝေးတွေလုပ်ဖို့ရှိတယ်၊ နောက်ပြီးတော့ ကျောင်းသားမျိုးဆက်လိုက်ပါဖို့လိုအပ်တယ်၊ ကော်မတီတွေဖွဲ့ဖို့ လိုအပ်တယ်၊ အကြမ်းမျဉ်းတော့ ကျနော်တို့ပြောဖြစ်ခဲ့ကြတယ်"
လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရက ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ဆန္ဒပြနေတဲ့ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်ပြီး နောက်တစ်နေ့ဖြစ်တဲ့ ဇူလိုင် ၈ ရက်နေ့ မနက်စောစော မှာ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။
နောက်ပိုင်း အစိုးရခေတ်အဆက်ဆက်ကာလတွေလက်ထက်မှာလည်း ကျောင်းသားသမဂ္ဂ အဆောက်အဦး ကို ပြန်လည်မဆောက်လုပ်နိုင်ခဲ့ပါဘူး။
ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည်ဆောက်လုပ်ဖို့အတွက် လာမယ့် ဘဏ္ဍာရေးနှစ်မှာ ထည့်သွင်းရေးဆွဲထားပြီဖြစ်ကြောင်းကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ က ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးမှာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး က ပြောကြားခဲ့ပါတယ်။