ကျောင်းသားသမဂ္ဂ အဆောက် အဦး ဆောက်လုပ်ပေးမယ် လို့ ပြော

ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ပြန်လည်ဆောက်လုပ်ပေးသွား မှာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမော်ထွန်း က ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မှာ ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော မေးမြန်းတဲ့ သမိုင်း ဝင် ကျောင်သားသမဂ္ဂ အဆောက်အဦးကို ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ ဆိုတဲ့ မေးခွန်း ကို ပြန်လည်ဖြေဆိုရာမှာ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ပညာရေး ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အသုံးပြုနိုင်မည့် အဆောက်အဦးတစ်ခု ဆောက်လုပ်နိုင်ရန် အတွက် လိုအပ်ချက်များ ဘက်ဂျက်ရာထားချက်များ စီစဉ်ဆောင်ရွက်လျှက်ရှိပါကြောင်း တင်ပြအပ်ပါတယ်"

ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ကျောင်းသားသမဂ္ဂ အဆောက်အဦး ဆောက်လုပ်ဖို့အတွက် လာမယ့် ဘတ်ဂျက်နှစ် မှာ ထည့်သွင်းရေးဆွဲထားပြီးဖြစ်ကြောင်းလည်း ဒုဝန်ကြီးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့စစ်အစိုးရက အာဏာသိမ်းခဲ့ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲမှာရှိတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကိုလည်း ဗုံးခွဲဖျက်ဆီးခဲ့တာဖြစ် ပါတယ်။