ရဲတပ်ဖွဲ့နဲ့ ပညာရေးဝန်ကြီးဌာနကို ဗကသကျောင်းသားတွေ တရားစွဲမည်
2015.05.11
လက်ပံတန်းမြို့မှာ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို ၂ဝ၁၅ ခုနှစ် မတ်လ ၆ ရက်နေ့က တွေ့ရစဉ်
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ သပိတ်မှောက်ဆန္ဒပြခဲ့ကြတဲ့ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကျောင်းကို ပြီးခဲ့တဲ့မတ်လအတွင်း အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ အဲဒီ့လို အကြမ်းဖက်မှုဖြစ်ပေါ်အောင် တွန်းအားပေးခဲ့တယ် လို့ယူဆရတဲ့ ပညာရေးဝန်ကြီးဌာနတို့ကို ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)က တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။
နိုင်ငံတကာဥပဒေတွေအရဖြစ်စေ၊ ပြည်တွင်း ဥပဒေတွေအရဖြစ်စေ သင့်တော်တဲ့ ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ဗကသကျောင်းသား သမဂ္ဂ ဦးဆောင်ကော်မတီဝင် ကိုအောင်နေပိုင် က ပြောပါတယ်။
"ဒီဥပဒေချိုးဖောက်တဲ့အတွက် သူတို့ရဲ့မတရားတဲ့ဥပဒေအတိုင်း ကျနော်တို့မှာလည်း ဥပဒေအရ ပြန်လည်ပြီး တရားစွဲဆိုပိုင်ခွင့်ရှိတယ်လို့ ကျနော်တို့ယူဆတယ်၊ ဥပမာ နိုင်ငံတကာနဲ့ ပတ်သက်တဲ့ ဥပဒေပဲဖြစ်ဖြစ် ဗမာပြည်အတွင်းမှာရှိတဲ့ ဥပဒေနဲ့ပဲဖြစ်ဖြစ် နောက်ဆုံးပြည်ထောင်စု တရားလွှတ်တော်ချုပ်ဆီ စာချွန်လွှာ ပို့တာမျိုးတွေ ကျနော်တို့တွေ ဆောင်ရွက်သွားဖို့ရှိတယ်"
အဲဒီ့လိုတရားစွဲနိုင်ဖို့အတွက် ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်နေပြီး တရားစွဲဆိုနိုင်မယ့် သက်သေခံမှတ်တမ်းတွေ၊ ကျောင်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ပြီး ရိုက်နှက်ဖမ်းဆီး စစ်ဆေးခဲ့တာတွေအတွက် အချက်အလက်တွေ စုဆောင်းကောက်ယူနေတယ်လို့ သိရပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ်ဝင်တွေ ဦးဆောင်တဲ့ ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့မှာ ရဲတွေက အကြမ်းဖက်ဖြိုခွင်းပြီးနောက် ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူ ၁၂၇ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် သာယာဝတီထောင်ကိုပို့ဆောင်ခဲ့ပါတယ်။
အဲဒီနောက် ၅၉ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်တဲ့သူတွေကို တရားစွဲဆိုထားပါတယ်။ လက်ပံတန်း ကျောင်းသား သပိတ်ဖြိုခွဲခံရပြီးနောက်ပိုင်း ဒီနေ့အထိ နိုင်ငံတဝှမ်းမှာ ဖမ်းဆီးချုပ်နှောင်တရားစွဲဆိုခံရတဲ့ ကျောင်းသူကျောင်းသား စုစုပေါင်း ၂၀၀ နီးပါးရှိပြီလို့လည်း သိရပါတယ်။
ဗကသ ကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီဝင် ကိုအောင်နေပိုင်ကို RFA အဖွဲ့သူ မခက်မာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။









