စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားတဲ့ မြေယာတွေအတွက် လျော်ကြေးပေးဖို့ ဆန္ဒပြတောင်းဆိုကြတဲ့ တောင်သူ ၆၅ ဦးကို တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့်လိုက်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးနဲ့ သီးနှံလျော်ကြေးကိစ္စ တွေ့ဆုံဆွေးနွေးစဉ်မှာ အမှုဖွင့်ထားကြောင်း အသိပေးတာဖြစ်တယ်လို့ တုံရွာက ဒေသခံ ဦးအောင်ကြီးက ပြောပါတယ်။
"တရားဝင်စာပို့ လှမ်းအကြောင်းကြားတာမရှိဘူး၊ ဒီပုဒ်မ ၁၈ ကိစ္စနဲ့ပတ်သက်ပြီးတော့ အကုန်လုံး တရားစွဲဆိုထားတဲ့ ဒေသခံအပါအဝင် အကုန်လုံးကို ဆင့်ခေါ်စာလည်းမရောက်ဘူး၊ တရားစွဲဆိုတဲ့ တရားဝင်စာလည်းမရောက်ဘူး၊ တရားစွဲဆိုခံရတယ်ဆိုတာကိုတော့ လက်ရှိ နယ်လုံဝန်ကြီး ဦးကျော်သန်းနိုင်ရယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်ရယ် အပါအဝင်ပေါ့၊ ဝမ်ပေါင် ဦးပိုင်နဲ့ ဒေသခံတွေ ဆက်ဆံရေးရုံးမှာ သီးနှံလျော်ကြေးကိစ္စကို ညှိနှိုင်းတုန်းက သူတို့ကိုယ်တိုင်က ထုတ်ဖော်ပြောတာပါ"
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းထားတဲ့ လယ်ယာမြေတွေအတွက် သီးနှံလျော်ကြေးပေးဖို့ ပြီးခဲ့တဲ့နှစ်က ပျက်ကွက်ထားတာကြောင့် ဒေသခံတွေက ဝမ်ပေါင်ကုမ္ပဏီရှေ့မှာ ဖေဖော်ဝါရီ ၈ ရက်နေ့က ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ တုံရွာမက ဒေါ်အမာချို၊ တုံအလယ်တောက ဒေါ်စန္ဒာ၊ မိုးကြိုးပြင်အလယ်ရွာက ဦးဝင်းကျော် အပါအဝင် တောင်သူ ၆၅ ဦးကို ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲမှာ တုံရွာ၊ မိုးကြိုပြင်၊ ဖောင်းတကာ စတဲ့ကျေးရွာက ဒေသခံတွေပါဝင်တယ်လို့ ပြောပါတယ်။
ပုဒ်မ (၁၈) နဲ့ ၄ကြိမ်အရေးယူခံထားရတဲ့ အလယ်တောရွာက မစန္ဒာကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
