ဆန္ဒပြအလုပ်သမားတွေကို ဖမ်းဆီး

0:00 / 0:00

0:00 / 0:00

0:00 / 0:00

စစ်ကိုင်းမြို့Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားသပိတ် စစ်ကြောင်းမှာ ပါဝင်သူအားလုံး ကို နေပြည်တော် တပ်ကုန်းမြို့အဝင်အနီးမှာ ဒီကနေ့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ၊ သပိတ်ခေါင်းဆောင်တွေနဲ့ ဝန်းရံသူတွေကို တရားစွဲဆိုသွားပြီး အလုပ်သမားတွေကို စစ်ကိုင်း ပြန်ပို့မယ်လို့ တာဝန်ရှိ သူတွေက ပြောပါတယ်။

လက်ရှိမှာ အလုပ်သမားတွေနဲ့ ဝန်းရံသူတွေကို တပ်ကုန်းမြို့ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ အစိုးရဖက်က လုပ်ဆောင်မယ့် အခြေအနေကို နေပြည်တော် ဥတ္တရသီရိခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်း က အခုလို ပြော ပါတယ်။

"ကျနော်တို့ တုတ်လုံးဝမသုံးပါဘူး၊ လက်နက်ကိရိယာ လုံးဝမသုံးပါဘူး၊ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေ အနာခံပြီးတော့ အမျိုးသမီးဆို အမျိုးသမီးရဲနဲ့ အမျိုးသားဆို အမျိုးသားရဲနဲ့ အပျော့ပြောင်းဆုံး အညင်သာဆုံး သူတို့ကိုလူစုခွဲပါတယ်၊ တပ်ကုန်းတရားရုံးကို ခေါ်သွားပြီးတော့ သူတို့ကို ဥပဒေနဲ့အညီ ကျနော်တို့လုပ်ပါတယ်၊ လုပ်တဲ့အခါမှာလည်း အားလုံး ကျနော်တို့ကို နေပြည်တော်ကောင်စီက ညွှန်ကြားပါတယ်၊ ခေါင်းဆောင်ပိုင်းကိုပဲ အရေးယူအမှုဖွင့်လျှက်ရှိပါတယ်၊ မသိနားမလည်လို့ပါလာတဲ့ အလုပ်သမားတွေကို ချော့မော့ဖျောင်းဖျပါတယ်၊ သူတို့အနေနဲ့ နောက်ဒီလိုမလုပ်တော့ပါဘူးလို့ ကတိခံဝန်ချက်ပေးရင် စစ်ကိုင်းအထိ အိမ်တိုင်ရာရောက်ပြန်ပို့ဖို့ ကျနော်တို့စီစဉ်ပေးပါမယ်၊ နေပြည်တော်ကောင်စီက ညွှန်ကြားပါတယ်"

ရမည်းသင်းမြို့နယ် ပြတိုက်ကျေးရွာကနေ နေပြည်တော်ကို ဆက်လက်ချီတက်လာတဲ့ အလုပ်သမားသပိတ် စစ်ကြောင်းကို မိုင်တိုင် ၂၈၅ အရောက်မှာ ရဲတပ်ဖွဲ့က လူစုခွဲဖို့ အမိန့်ပေးပေမယ့် အလုပ်သမားတွေ က နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်နဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒေါက်တာမျိုးအောင်နဲ့ သပိတ်ခေါင်းဆောင် ၅ဦးသာ တပ်ကုန်းမြို့မှာ သွားရောက်တွေ့ဆုံခွင့်ရမှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပေမယ့် အလုပ်သမားတွေက သပိတ်စစ်ကြောင်းမှာ ပါဝင်သူအားလုံး လိုက်ပါခွင့်ရ ဖို့ တောင်းဆိုခဲ့ကြပြီး အတားအဆီးတွေကို ကျော်ခဲ့ကြရာမှာ ရဲတပ်ဖွဲ့က အင်အားသုံး ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ သပိတ်စစ်ကြောင်းကို အားပေးကူညီခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ အဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။

Myanmar Veneer စက်ရုံအလုပ်သမားတွေဟာ အလုပ်ထုပ်ခံရတဲ့ အလုပ်သမားတွေကို ပြန်ခန့်ပေးဖို့၊ အလုပ်ထုတ်ခံထားရတဲ့ ကြားကာလအတွက် အလုပ်ရှင်ဘက်က နစ်နာကြေးပေးဖို့၊ ဆန္ဒပြမှုကို အရေးမယူဖို့၊ သူတို့ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂကို အသိအမှတ်ပြုပေးဖို့တို့ကို တောင်းဆိုဖို့အတွက် နေပြည်တော်ကို ချီတက်လာကြတာ ဖြစ်ပါတယ်။

စစ်ကိုင်းမြို့ Myanmar Veneer သစ်အချောထည်စက်ရုံက ဆန္ဒပြအလုပ်သမားတွေနဲ့ ဝန်းရံကူညီသူတွေကို ရန်ကုန်-မန္တလေး လမ်းဟောင်းက တပ်ကုန်းမြို့အနီး နေပြည်တော်ကောင်စီနယ်မြေအဝင်မှာ ရဲတပ်ဖွဲ့က အလုပ်သမားတွေနဲ့ ဝန်းရံသူတွေအားလုံးကို ဖမ်းဆီးခဲ့ပြီး အလုပ်သမားခေါင်းဆောင်တွေနဲ့ ဝန်းရံသူတွေကို တရားစွဲမယ်လို့ ပြောပါတယ်။ RFA သတင်းထောက် ကိုမျိုးသန့်ခိုင် က ပေးပို့ပြီး ကိုသီဟထွန်း က တင်ပြထားပါတယ်။

Myanmar Veneer သစ်အချောထည်စက်ရုံက သပိတ်မှောက်အလုပ်သမားတွေကို တပ်ကုန်းမြို့အဝင်နားမှာ ဖမ်းဆီးလိုက်တာနဲ့ ပတ်သက်ပြီး အလုပ်သမားတွေကို ကူညီနေတဲ့ တိုးတက်သော အလုပ်သမားများသမဂ္ဂက ကိုရန်နိုင်ထွေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးဝင်း ကိုလည်း ကိုနေရိန်ကျော် က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။