မိုးကုတ်မြို့က တက်ကြွလှုပ်ရှားသူ ဦးစိုးဌေးရဲ့ လေးနှစ်အရွယ်သမီးဖြစ်သူ မစုထက်ဝိုင်းကို စစ်ကောင်စီက အချိန်နှစ်ပတ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းပြီး မနေ့က ဇွန်လ ၃၀ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် ကလေးရဲ့မိခင်နဲ့ အစ်မဖြစ်သူကတော့ ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်တယ်လို့ မိသားစုက RFA ကို ပြောပါတယ်။
သူတို့နှစ်ဦးနဲ့ ဒီနေ့အထိ တွေ့ခွင့်မရသေးဘူးလို့လည်း မနေ့ကပြန်လွှတ်လာတဲ့ ကလေးရဲ့ဖခင် ဦးစိုးဌေးက RFA ကို ပြောပါတယ်။
"အခုထိ တရားဝင်ဆက်သွယ်ခွင့် ဘာမှမရဘူးပေါ့နော်။ ပစ္စည်းလည်း ပို့လို့မရ၊ ဆက်သွယ်လို့လည်းမရ၊ အတွေ့လည်းမခံဆိုတော့ ဘယ်လိုအခြေအနေရှိနေလဲ မသိဘူး။ ဒီမနက် သမီးလေးကတော့ ပြောပြတယ်။ အမေက မှာလိုက်တယ်။ အမေက ကြာချင်ကြာမှာတဲ့ သမီး လိမ်လိမ်မာမာနေနော်လို့ မှာလိုက်တယ်တဲ့ ပြောပြပါတယ်"
ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က စစ်ကောင်စီတပ်တွေက မိုးကုတ်မြို့က တက်ကြွလှုပ်ရှားသူ ဦးစိုးဌေးကို လာရောက်ရှာဖွေရာကနေ မတွေ့တဲ့အတွက် အသက် ၄ နှစ်အရွယ် မစုထက်ဝိုင်းနဲ့ ကလေးရဲ့ မိခင်၊ အစ်မဖြစ်သူတို့ကို ဖမ်းဆီးသွားခဲ့တာပါ။
ဦးစိုးဌေးဟာ နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး အခုတော့ မနေ့က ပြန်လွတ်လာတဲ့ သမီးလေးနဲ့ အတူရှိနေပြီလို့လည်း ဆိုပါတယ်။
စစ်ကောင်စီရဲ့လက်ထဲမှာ အချိန်နှစ်ပတ်ကျော်ကြာ ထိန်းသိမ်းခံခဲ့ရတာကြောင့် စကားတွေနည်းသွားသလို ထမင်းဝအောင် မစားရတာ၊ အိမ်သာထဲကရေတွေနဲ့ ရေချိုးရတာတွေ ကြုံတွေ့ခဲ့ရတဲ့အကြောင်း ဖခင်ဖြစ်သူ ဦးစိုးဌေးက ပြောပါတယ်။
ကလေးငယ်တွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ တိုင်းရင်းသားဒေသတွေမှာ မီးရှို့တာတွေကလည်း လူသားမဆန်တဲ့သူတွေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူ ဦးစိုးဌေးက မှတ်ချက်ပြုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီက မိုးကုတ်မြို့က အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဦးစိုးဌေးကို ဖမ်းဝရမ်းထုတ်ထားပြီး ဦးစိုးဌေး အပါအဝင် မိသားစုဝင်တွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။