ဘုန်းတော်ကြီးကျောင်း ဆရာတွေ ထောက်ပံ့ကြေး ၂ ဆ တိုးမယ်လို့ ဝန်ကြီးပြော

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ စာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေအတွက် ထောက်ပံ့ကြေး ကို လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ နှစ်ဆတိုးမြှင့်ပေးသွားမှာဖြစ်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုက ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

စလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံဦးက ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းက ဆရာ၊ ဆရာမတွေရဲ့လစာကို အစိုးရမူလတန်းပြ ဆရာ၊ ဆရာမများနည်းတူ တိုးမြှင့်ပေးဖို့ အစီအစဉ်ရှိ မရှိ မေးမြန်းတာ ကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က ပြန်လည် တင်ပြခဲ့တာဖြစ်ပါတယ်။

"နိုင်ငံတော်က မြေ၊ အဆောက်အဦး၊ စာသင်ခန်း၊ သင်ထောက်ကူပစ္စည်းများနဲ့ ဆရာ ဆရာမများ ထောက်ပံ့ ခန့်အပ်ပေးရန် မလိုဘဲနဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်များကို ပညာသင်ကြားပေးနေတဲ့ ဘုန်းတော်ကြီး ပညာသင်ကျောင်း ဆရာ ဆရာမများကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍနှစ်ကစပြီး လက်ရှိထောက်ပံ့ပေးနေတဲ့ ထောက်ပံ့ကြေးငွေရဲ့ နှစ်ဆတိုးမြှင့် ထောက်ပံ့ပေးနိုင်ဖို့အတွက်ကို စီစဉ်ဆောင်ရွက်လျှက်ရှိပြီး နောင်နိုင်ငံတော်မှာ ဘဏ္ဍငွေ အဆင်ပြေလာသည်နှင့်အမျှ ထောက်ပံ့ကြေးများ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်"

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေက မူလတန်းပြရာထူးအတွက် တစ်လကို ငွေကျပ် သုံးသောင်းခြောက်ထောင်၊ အလယ်တန်းပြရာထူးအတွက် တစ်လကို ငွေကျပ် လေးသောင်း တစ်ထောင်၊ အထက် တန်းပြရာထူးအတွက် ကျပ်လေးသောင်းငါးထောင် ဆိုပြီး လက်ရှိ နိုင်ငံတော်က ထောက်ပံ့ပေးနေတာဖြစ် ပါတယ်။ လာမယ့်အစီအစဉ်အရ အဲဒီထောက်ပံ့ငွေရဲ့ ၂ ဆအထိ ပံ့ပိုးသွားမှာ ဖြစ်ပါတယ်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ငွေကျပ် ၃ ဒသမ ၇၁ ဘီလီယံ တောင်းခံထားတယ်လို့ သူရဦးအောင်ကို က ပြောပါတယ်။

တစ်နိုင်ငံလုံးက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူ သုံးသိန်းကျော်ရှိပြီး ဆရာ၊ ဆရာမ ရှစ်ထောင်နီးပါးရှိပါတယ်။