ရိုက်တာသတင်းထောက်နှစ်ဦး အယူခံ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ပယ်ချ

ထောင် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးရဲ့ ပြင်ဆင်ချက်အယူခံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဒီနေ့ ပယ်ချလိုက်ပါတယ်။

ရန်ကုန်တိုင်း တရားလွှတ်တော်က အယူခံကို ပယ်ချခဲ့တာကြောင့် နေပြည်တော်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ဖေဖော်ဝါရီ ၁ရက်နေ့က ပြင်ဆင်ချက်တင်ခဲ့တာပါ။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဘာကြောင့်ပြင်ဆင်ချက်အယူခံကို ပယ်ချလိုက်တယ်ဆိုတာကို လောလောဆယ် အသေးစိတ် အတိအကျမသိရသေးဘူးလို့ သတင်းထောက်နှစ်ဦးရဲ့ရှေ့နေ ဦးခင်မောင်ဇော် က ပြောပါတယ်။

ဒီသတင်းထောက်နှစ်ဦး ဖမ်းဆီးခံထားရတာ တစ်နှစ်ခွဲခန့် ရှိနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ သူတို့နှစ်ဦးဟာ နိုင်ငံတကာ သတင်းဆိုင်ရာ ပူလစ်ဇာဆု ချီးမြှင့်ခံခဲ့ရပါတယ်။ သူတို့နှစ်ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအစိုးရတွေက တောင်းဆိုထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။