မလေးကို မြန်မာ အလုပ်သမား စေလွှတ်မှု ယာယီရပ်ဆိုင်း

မလေးရှားနိုင်ငံကို မြန်မာအလုပ်သမား စေလွှတ်နေတာတွေ ယာယီရပ်ဆိုင်းထားဖို့နဲ့ ခွင့်ပြုချက်ကျပြီးသား စေလွှတ် ဖို့ရှိနေတဲ့ အလုပ်သမားတွေကို ပို့ဆောင်တဲ့အခါမှာ ပြဿနာ တစ်စုံတရာ ဖြစ်လာခဲ့ရင် အေဂျင်စီတွေဘက်က အကုန် အကျခံပြီး အလုပ်သမားတွေကို ပြန်လည်ခေါ်ယူဖို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ကြေညာချက်ထုတ်ပြန်လိုက် ပါတယ်။

မလေးရှားနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကြောင့် အခုလိုကြေညာချက် ထုတ်ပြန်ရတာ ဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဦးစီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က ပြော ပါတယ်။

"Tension တစ်ခုမြင့်နေတာပေါ့နော်။ ကိုယ့်နိုင်ငံက အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်လိုတဲ့အတွက် ဒါကို ကြေညာလိုက်တာပေါ့နော်။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်"

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်အရေးဆန္ဒပြပွဲ မှာ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ် ကိုယ်တိုင်တက်ရောက်ပြီး ကုလသမဂ္ဂ၊ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့နဲ့ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ တရားရုံးတွေကနေ ကြားဝင်ညှိပေးဖို့ တောင်းဆိုသလို နိုင်ငံတကာအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ဒီအတိုင်းထိုင်ကြည့်နေလို့ မရကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

မလေးရှားနိုင်ငံက မြန်မာလုပ်သားခေါ်ယူမှု အများအပြားရှိနေပြီး ပုံမှန်အားဖြင့် တပတ်မှာ အလုပ်သမား ၅၀၀ ကနေ ၇၀၀ ကြားကို မလေးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ မြန်မာအစိုးရဘက်က တရားဝင်ခွင့်ပြုပေးနေ တာ ဖြစ်ပါတယ်။

လက်ရှိနိုင်ငံရေး အခြေအနေတွေကြောင့် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကနေတဆင့် အလုပ်သမားစေ လွှတ်မှုတွေကို ရပ်ဆိုင်းထားဖို့ အစိုးရဘက်က ကြေညာရတာဖြစ်ပြီး မကြာခင်မှာ အနေအထားပြန်လည်တည်ငြိမ် လာဖို့ မျှော်လင့်တယ်လို့ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က ပြောပါတယ်။

မလေးရှားနိုင်ငံမှာ တရားဝင် မြန်မာလုပ်သား ၂ သိန်းကျော်ရှိနေပြီး အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အလုပ် သမားတွေနဲ့ အဆက်အသွယ်ပြုလုပ်ပြီး သိရတဲ့အနေအထားအရ လက်ရှိအချိန်အထိ အလုပ်သမားတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ စိုးရိမ်ရတဲ့ အခြေအနေမရှိဘူးလို့ ပြောပါတယ်။