စိတ်ကြွဆေးပြား ၇သန်းကျော် ဖမ်းမိ
2018.08.11

စိတ်ကြွမူးယစ်ဆေးပြား ၇ သန်းကျော်ကို မူးယစ်ရဲတပ်ဖွဲ့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က တာချီလိတ်မြို့နယ်မှာ မနေ့ညက ဖမ်းဆီးရမိခဲ့ပါတယ်။
ယာဉ်နှစ်စီးကို တပ်မတော်နဲ့ မူးယစ်ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က စစ်ဆေးရာကနေ ဖမ်းဆီးရမိခဲ့တာလို့ တာချီလိတ်မြို့ နယ် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဒုရဲမှူး သက်မောင်က ပြောပါတယ်။
"ဆေးပြားကတော့ ၂၂ သိန်း၊ ၅၆ သိန်းရယ်၊ စုစုပေါင်း ၇၈ သိန်း နှစ်သောင်းပေါ့၊ မူးယစ်ပုဒ်မနဲ့ အမှု ဖွင့်သွားမှာပါ"
တာချီလိတ်မြို့နယ် လွယ်တော်ခမ်းအုပ်စု၊ စန်းလုရွာကနေ တာချီလိတ်ဘက်ကို မောင်းနှင်လာတဲ့ ကားနှစ်စီး ကို တပ်မတော်နဲ့ မူးယစ်ရဲ ပူးပေါင်းအဖွဲ့က စစ်ဆေးဖို့ ကားရပ်ခိုင်းတာကို မရပ်ဘဲ ကားနှစ်စီးလုံးက နောက်ပြန်လှည့်မောင်းသွားတဲ့အတွက် ရဲတပ်ဖွဲ့က ခြောက်လှန့်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီလို ပစ်ခတ်ဖမ်းဆီးရာမှာ ကားတစ်စီးပေါ်က အမျိုးသားတစ်ယောက်က သေနတ်ထိမှန်ပြီး ကျန်တဲ့သူတွေ ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ တာချီလိတ်မြို့နယ် မူးယစ်ဆေးဝါးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ရဲ့ ကြေးနန်းသတင်းအရ သိရပါတယ်။
ယာဉ်နှစ်စီးပေါ်မှာ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းစီပါတဲ့ ဆာလာအိတ် ၇၈ အိတ် ဆေးပြား အရေအတွက် စုစုပေါင်း ၇သန်းကျော်ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။