ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်မတော် ခေါင်းဆောင်တွေကို အရေးယူဖို့ တောင်းဆို

2019-03-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၈ ဇူလိုင် ၁၁ ရက်နေ့ကကျင်းပတဲ့ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ပထမနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၈ ဇူလိုင် ၁၁ ရက်နေ့ကကျင်းပတဲ့ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ပထမနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ်
Photo: Thiha Tun/ RFA

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ခေါင်းဆောင်တွေကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူဒဏ်ခတ်ဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေက နိုင်ငံခြားရေးရာဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတွေထံ အိတ်ဖွင့်ပေးစား ပေးလိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်ခြားစောင့်ရဲကင်းစခန်း ၃၀ ကျော်ကို ARSA အဖွဲ့က အကြမ်းဖက်တိုက်ခိုက်ခဲ့ ပြီးနောက်ပိုင်း တပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှာ လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိခဲ့တာကြောင့် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိပ်တန်းတပ်မတော်အရာရှိတွေကို အရေးယူဖို့ အခုလို စာရေးသားပေးပို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော်ထိပ်သီးခေါင်းဆောင်တွေ ကို အမေရိကန်အစိုးရအနေနဲ့ အရေးယူလိုက်ခြင်းဖြင့် လူ့အခွင့်ရေချိုးဖောက်မှုတွေကို အမေရိကန်နိုင်ငံအနေနဲ့ သည်းခံခွင့်လွှတ်ခြင်းမရှိဘူးဆိုတာကို ပြသရာရောက်ကြောင်းလည်း အမေရိကန်လွှတ်တော်အမတ်တွေက ရေးသားထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပိတ်ဆို့အရေးယူဖို့တောင်းဆိုတဲ့အထဲမှာ ဒီမိုကရက်တစ်ပါတီက နာမည်ကြီးအမတ် Mr Dick Durbin နဲ့ ရီပတ်ဘလီကန်ပါတီအမတ် Mr Todd Young တို့လည်းပါဝင်ကြပါတယ်။

နိုင်ငံတာကာအသိုင်းအဝိုင်းအမြင်မှာ တပ်မတော်ကကျူးလွန်တဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို အရေးယူတာတွေ မရှိကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်တာကြောင့် အခုလိုအရေးယူဖို့ တိုက်တွန်းတာကို ကြိုဆိုကြောင်း FORTIFY RIGHTS အဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးကျွမ်းကျင်သူ နစ်ကီဒိုင်းမွန်းက RFA ကို ပြောပါတယ်။

“နိုင်ငံတကာအသိုင်းအဝိုင်းက စစ်တပ်ရဲ့ပြည်တွင်းမှာ လုပ်နေတဲ့အလုပ်တွေကို ဝိုင်းဝန်းလေ့လာကြည်ရှု တဲ့အခါမှာ ချိုးဖောက်မှုတွေ ဖြစ်တိုင်းဖြစ်တိုင်းမှာ အရေးယူမှုတွေမရှိတဲ့ဟာက မြန်မာပြည်ရဲ့ ဒီမိုကရေစီဖြစ်ပေါ် မှုကို အဟန့်အတားဖြစ်စေတယ်လို့ ကျနော်တို့ယူဆတယ်၊ လူအခွင့်အရေးချိုးဖောက်နေပြီး အပြစ်ပေးခံရမှု ကင်းမဲ့နေတဲ့လူတွေကို အရေးယူဖို့ ကြိုးစားတဲ့ခြေလှမ်းတွေဖြစ်တာကြောင့် ကျနော်တို့အနေနဲ့ ကြိုဆိုတယ်”

လွှတ်တော်အမတ်တွေရဲ့ပေးစာမှာ မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို အရေးယူတဲ့နေရာမှာ တိုးတတ်မှုမရှိကြောင်းနဲ့ အမေရိကန်နိုင်ငံအနေနဲ့လည်း ပိတ်ဆို့အရေးယူဖို့ အခွင့်အလမ်းတွေရှိပေမယ့် သမ္မတ ဒေါ်နယ်ထရန့်က မလုပ်ခဲ့ဘူးလို့လည်း အိတ်ဖွင့်ပေးစာမှာ ထောင်ပြထားပါတယ်။

ပိတ်ဆို့အရေးယူတာဟာ ထိုက်သင့်တဲ့ပြစ်ဒဏ်ဖြစ်ပြီး ဒဏ်ခတ်ပိတ်ဆိုတာတွေလုပ်ဖို့ အမေရိကန်လွှတ်တော် အမတ်တွေက တောင်းဆိုထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပိတ်ဆို့အရေးယူဖို့ တောင်းဆိုတဲ့အထဲမှာ ဒီမိုကရက်တစ်ပါတီက နာမည်ကြီးအမတ် Mr Dick Durbin နဲ့ ရီပတ်ဘလီကန်ပါတီအမတ် Mr Todd Young တို့လည်း ပါဝင်ကြပါတယ်။

တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ လူအခွင့်ရေးချိုးဖောက်နေတာတွေမရှိဘူးဆိုပြီး နိုင်ငံတကာကို ငြင်းဆိုတာတွေဘဲပြုလုပ်ပြီး လူ့အခွင့်ရေးကာကွယ်တာတွေမှာ သိသာတဲ့လုပ်ဆောင်ချက်တွေမရှိတာကြောင့် အခုလိုပိတ်ဆိုအရေးယူဖို့ တိုက်တွန်းတာလို့ မြင်ကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ချယ်ရီဇာဟောင်က ပြောပါတယ်။

“နိုင်ငံတကာက ဖိအားကိုပဲ မရှိ မရှိဘူး ငြင်းပြီးတော့မှ ကိုယ့်ဘက်က လုပ်စရာရှိတာတွေကို မလုပ်သွားကြ ဘူးပေါ့နော်၊ အဲဒါကို နိုင်ငံတကာက ဘယ်လိုမျိုးသတ်မှတ်လိုက်လည်းဆိုတော့ ဒီနိုင်ငံကလူ့အခွင့်အရေးကို ကာကွယ်ဖို့စိတ်ဆန္ဒမရှိဘူး၊ နိုင်ငံရေးအရလည်း ဆန္ဒမရှိဘူးလို့ သုံးသပ်လာကြတယ်၊ US ကအဲလိုမျိုးလုပ်တာ ကလည်း ကိုယ်နိုင်ငံမှာ လူ့အခွင့်ရေးကာကွယ်ရေးဆောင်ရွက်နေတာတွေက သိသာထင်မြင်စွာ မမြင်ရ တာကြောင့် ဖိအားတခုအနေနဲ့ လုပ်တာလို့မြင်တယ်”

ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန် ကတော့ တပ်မတော်ကို အမည်တပ်စွပ်စွဲတာတွေ သက်သက်မဟုတ်ပဲ လက်တွေ့ဖြစ်နေတဲ့ အထောက်အထားတွေနဲ့ ဥပဒေမဲ့ ကျူးလွန်တာတွေဆို အရေးယူတာမျိုး လုပ်သင့်တယ်လို့ ပြောပါတယ်။

“အထောက်အထားခိုင်လုံဖို့လိုတယ်၊ ဘယ်သူဘဲလုပ်လုပ် ရမ်းသမ်းစွပ်စွဲတာတွေ ကရော်ကမည် စွပ်စွဲတာတွေ မကြိုက်ဘူး၊ မြေပြင်အနေအထားအရ ပကထိအဖြစ်မှန်ကို အမှန်အတိုင်း ပေါ်ပေါက်စေချင်တယ်၊ အမှန်တကယ် ကျူးလွန်တဲ့ အမှန်တကယ် လုပ်ဆောင်တဲ့အချက်တွေဟာ ဥပဒေနဲ့မညီဘူးဆိုလိုရှိရင်လည်း မညီတဲ့အလျောက် ထိုက်သင့်တယ်ဆောင်ရွက်တာတွေ ဆောင်ရွက်စေချင်တယ်”

ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

တပ်မတော်အနေနဲ့ ရခိုင်မြောက်ပိုင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် လူ့အခွင့်ရေးချိုးဖောက်တာတွေကို စစ်ဆေးအရေးယူတာတွေပြုလုပ်နေပြီး စွပ်စွဲတာတွေမလုပ်ဘဲ အထောက်အထားနဲ့ တိုင်ကြားတာတွေလုပ်ရင် စစ်ဆေးသွားမယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောပါတယ်။

“အရင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း အဖွဲ့အစည်းတွေနဲ့ တွေတဲ့အခါ ပြောခဲ့ဖူးတယ်၊ ကျနော်တို့ ထုတ်ပြန်ချက်ထဲမှာလည်းပါတယ်၊ တဖက်သတ်စွပ်စွဲနေမယ့်အစား ခိုင်လုံအထောက်အထားတွေပေး ကျနော်တို့ စုံစမ်းစစ်ဆေးပေးမယ်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ တွေ့ဆုံပွဲမှာလည်း ခိုင်လုံတဲ့ သက်သေအထောက်အထားတွေပေး စုံစမ်းစစ်ဆေးပေးမယ်”

ရခိုင်ပြည်နယ်မြောက်ပိုင်းက လူအခွင့်အရေးချိုးဖောက်တာတွေကို စစ်ဆေးဖို့ ဗိုလ်ချုပ်အဆင့်ရှိသူတစ်ဦးက ဦးဆောင်စစ်ဆေးနေပြီး တပ်မတော်အရာရှိတချို့အပါအဝင် ကျူးလွန်သူတွေကို အရေးယူထားကြောင်း သတင်းထုတ်ပြန်ထားတယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း မြန်မာတပ်မတော်ထိပ်တန်းအရာရှိ လေးဦးကို အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဌာနကနေ ပိတ်ဆို့အရေးယူတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့