တမူးမြို့အနီး တိုက်ပွဲကြောင့် ဒေသခံငါးရာကျော် အိန္ဒိယဘက်ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ တမူးမြို့နဲ့ ကလေးမြို့ကြားက ဘုက္ကန်ရွာအနီးကို ဩဂုတ်လ ၁၈ ရက် ည ၈ နာရီခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲခဲ့တာကြောင့် ဘုက္ကန်ရွာအပါအဝင် အနီးအနားက ဒေသခံငါးရာကျော် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲ ညတွင်းချင်း ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက​ ပြောပါတယ်။

ဘုက္ကန်ရွာအနီးမှာ ချင်းကာကွယ်ရေးတပ် (CNDF)၊ ထားဒို (PDF) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ညဘက်မှာ စစ်ကောင်စီတပ်က လေကြောင်းက လာပစ်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“တိုက်ပွဲဖြစ်တာကတော့ တမူးနဲ့ ကလေးလမ်းမကြီး အမြန်လမ်းမကြီးဘေးနား မလူကျောက်မီးသွေးလမ်းခွဲ စစ်ကောင်စီတပ်စခန်းမှာ တိုက်ပွဲဖြစ်တာ။ ဘုက္ကန်ကျေးရွာနဲ့ သုံးမိုင်ခန့်ရှိတယ်။ အဲဒီ တိုက်ပွဲဖြစ်တဲ့ ညပိုင်းမှာ လေကြောင်းနဲ့ ဗုံးလာကြဲတော့ ညတွင်းချင်းကို ထွက်ပြေးနေရတယ်။ ပြည်သူတွေကတော့ ထိခိုက်တာမရှိပါဘူး ကြောက်လို့ ထွက်ပြေးကြတာ။”

ဒုက္ခသည်တွေဟာ လက်ရှိ မဏိပူရ်မှာရှိတဲ့ ကူကီးချင်းတွေထံမှာ ခိုလှုံနေကြရတယ်လို့ ဒေသခံက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဇူလိုင်လ ၂၂ ရက်ကလည်း ခမ်းပတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲကြောင့် ခမ်းပတ်မြို့ခံ ခုနစ်ရာကျော် မဏိပူရ်ပြည်နယ်ဘက်ကို ထွက်ပြေးခဲ့ပေမယ့် ပြန်မောင်းထုတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဏိပူရ်ပြည်နယ်ကို ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်တွေထဲမှာ မဏိပူရ်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အယောက် ခုနစ်ဆယ်ကျော် အဖမ်းခံထားရပြီး ဒီနေ့အထိ ပြန်မလွတ်သေးသလို ဆက်သွယ်ဖို့လည်း ခက်ခဲနေတယ်လို့ India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က RFA ကိုပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မဏိပူရ်ပြည်နယ်ကို ထွက်ပြေးနေရတဲ့ မြန်မာစစ်ဘေးဒုက္ခသည် စုစုပေါင်း ငါးထောင်ကျော်ရှိတယ်လို့ ဆလိုင်းဒိုခါရ်က ပြောပါတယ်။