လာမယ့် စက်တင်ဘာ ၁၃ ရက်နေ့မှာ ပဲခူးတိုင်း၊ တောင်ငူမြို့ရဲ့အထက်ပိုင်းရော အောက်ပိုင်းမှာပါ စစ်တောင်းမြစ်ရေ အဆိုးရွားဆုံးအခြေအနေ(Extreme Level) အထိ မြင့်တက်လာနိုင်တယ်လို့ အရပ်ဘက်မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က သတိပေးလိုက်ပါတယ်။
စက်တင်ဘာ ၁၁ ရက် နေ့လယ် နှစ်နာရီဝန်းကျင် ခန့်မှန်းချက်တွေအရ နောက်ထပ် ၁၁ နာရီအတွင်းမှာ အမြင့်ဆုံးနေရာကို ရောက်မယ်လို့ ဦးဝင်းနိုင်က RFA ကို ပြောပါတယ်။
“တောင်ငူအထက် ရေတာရှည်နားမှာတစ်ခုပေါ့နော်။ ဆွာတို့ ဘာတို့ ဆည်တွေရဲ့ အောက်ဘက်ပေါ့၊ နောက်တစ်ခုက ဖြူးနဲ့ ပဲနွယ်ကုန်းကြားထဲလောက်က စစ်တောင်းမြစ်ရေ အဲဒီတစ်နေရာမှာရယ်၊ Extreme Level အထိရောက်တာပေါ့နော်၊ ဘယ်လောက်လောက်အထိ ဆက်ပြီးတော့ တက်နိုင်မလဲဆိုတာကိုတော့ မပြောတတ်ဘူးပေါ့နော်၊ Danger Level ရဲ့အထက် ဒီ Extreme အထဲထဲအထိကို ရောက်နေတဲ့အခြေအနေရှိတယ်၊ နောက်ထပ် ၁ဝ နာရီ ၁၁ နာရီလောက်အတွင်းမှာ အမြင့်ဆုံးနေရာအထိရောက်မယ်ပေါ့နော်"
ဒါဟာ ကမ္ဘာတစ်ဝန်းက ရေလွှမ်းမိုးမှုတွေကို စောင့်ကြည့်နေတဲ့ Google Flood Hub ရဲ့တိုင်းတာချက်တွေအပေါ် မူတည်ပြီး ထုတ်ပြန်တာလို့လည်း ဦးဝင်းနိုင်က ဆိုပါတယ်။
ပဲခူးတိုင်းအတွင်းက ကျောက်ကြီး၊ ညောင်လေးပင်၊ ရွှေကျင်၊ ပြွန်တန်ဆာ၊ ဒိုက်ဦး၊ သိမ်ဇရပ်နဲ့ မုပ္ပလင် စတဲ့ မြို့တွေမှာ စစ်တောင်းမြစ်ရေတက်လာမှာကို သတိထားရမယ်လို့လည်း သူက ဆိုပါတယ်။
ရာဂီမုန်တိုင်းအရှိန်နဲ့ နေပြည်တော်နဲ့ မြဝတီမြို့အပြင် ရှမ်းပြည်နယ်က တာချီလိတ်၊ ပန်ဆန်း၊ မိုင်းပေါက်၊ မိုင်းကိုင်၊ ကျိုင်းတုံ၊ ကူမဲ၊ အောင်ပန်းနဲ့ ကလောမြို့တွေမှာ မိုးကြီးပြီး နေအိမ်တွေ ရေနစ်မြုပ်နေပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း စစ်တောင်း၊ ရွှေကျင်၊ သံလွင်၊ သောင်ရင်း၊ ဘီးလင်းနဲ့ ပဲခူးမြစ်ရေတွေ မြင့်တက်နေတာကြောင့် ကရင်၊ ပဲခူးနဲ့ မွန်ပြည်နယ်က မြို့ခုနစ်မြို့မှာ မြစ်ရေကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။