ပဲခူးတိုင်း တောင်ငူမြို့နယ်က ရေကြီးနစ်မြုပ်မှုတွေအတွင်း ရေစီးနဲ့ မျောပါသေဆုံးသူ ဆယ်ဦးထက်မနည်း ရှိတယ်လို့ တောင်ငူမြို့နယ်ထဲမှာ ရေဘေးကူညီကယ်ဆယ်ရေးလုပ်နေသူတွေက စက်တင်ဘာလ ၁၇ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
စစ်တောင်းမြစ်ကမ်းတစ်လျှောက်က ရွာတွေမှာ မြစ်ရေကြီးမှုကြောင့် ရေစီးနဲ့ မျောပါသေဆုံးသူတွေ ရှိနေတာဖြစ်ပြီး ရုပ်အလောင်းတွေကိုတော့ ရေစီးအရှိန်ကြောင့် မဆယ်ယူနိုင်သေးဘူးလို့ ဆိုပါတယ်။
ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်တာကြောင့် အချိန်မီကယ်ဆယ်ရေးမလုပ်နိုင်ခဲ့ဘဲ အခုလို သေဆုံးတာလို့ တောင်ငူမြို့ရေဘေးမှာ ကူညီကယ်ရေးလုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“သေဆုံးမှုကတော့ ဆယ်ဦးထက်မနည်းတော့ ရှိပါတယ်။ အခုအထိ ရေစီးအရှိန်ကြောင့် ရုပ်အလောင်းတွေ မကောက်နိုင်သေးပါဘူး။ ရေစီးထဲ မျောပါနေတဲ့ ရုပ်အလောင်းတွေလည်းရှိတယ်။ လူတွေကိုပဲ အဓိကထား ကူညီကယ်ဆယ် ရေးလုပ်နေရချိန်ဆိုတော့လေ”
စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း တောင်ငူအခြေစိုက် ရှင်ပေါလု အသင်းတော် ကူညီကယ်ဆယ်ရေးအဖွဲ့က အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ နောက်ထပ်အမျိုးသား တစ်ဦးတို့ ရေစီးထဲမျောပါသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၁၇ ရက် ဒီနေ့မနက်ပိုင်းမှာ အနည်းငယ်ရေပြန်ကျသွားပေမဲ့ ကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်နေရဆဲလို့ တောင်ငူမြို့မှာရှိတဲ့ နောက်ထပ် လူမှုကူညီရေးအဖွဲ့တစ်ခုက RFA ကို ပြောပါတယ်။
ဒီ့အပြင် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းက ရွာတချို့မှာလည်း ဒီနေ့အထိ ကူညီကယ်ဆယ်ရေးတွေ မလုပ်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။
တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည်၊ ထန်းတပင် စတဲ့မြို့နယ်က လူပေါင်း ရှစ်သောင်းခန့် ဘေးလွတ်ရာရွှေ့ပြောင်းထားရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အပါအဝင် မြို့နယ် ၅၆ မြို့နယ်မှာ ရေကြီးနစ်မြုပ်မှုကြောင့် လူ ၂၂၆ ဦးသေဆုံးပြီး ၇၇ ဦးပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၁၆ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။