စာမေးပွဲခန်းစောင့် တာဝန်ပေါ့လျော့မှုကြောင့် ဆရာ ဆရာမများ အရေးယူခံရ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ မြို့နယ် ပညာရေးမှုး အပါအဝင် မူလတန်းပြ ဆရာ ၊ ဆရာမ ၆၃ ယောက်ကို စာမေးပွဲအခန်းကို ကြီးကြပ်ရာမှာ ပေါ့လျော့ခဲ့တယ် ဆိုပြီး ဗဟို အစိုးရ ပညာရေး ဝန်ကြီးဌာနက စစ်ဆေးပြီးနောက် ၄၅ ဦးကို အရေးယူလိုက် ပါတယ်။

2011.06.14

ပြီးခဲ့တဲ့ သောကြာနေ့က ဗဟို အစိုးရ ပညာရေး ဌာနက ထုတ်ပြန်တဲ့ အမိန့်စာမှာ တောင်ကုတ် မြို့နယ် ပညာရေးမှုး ဦးထွန်းမြတ် ကို အငြိမ်းစား ပေးလိုက်တာဖြစ်ပြီး၊ ကျန်စာမေးပွဲခန်း စောင့်တဲ့ မူလတန်းပြ ဆရာ ဆရာမတွေကို ပြည်နယ် အတွင်း တခြားမြို့နယ်တွေကို ပြောင်းရွေ့လိုက်တယ်လို့သိရပါတယ်။

အဲဒီလိုအရေးယူရတာဟာ ပြီးခဲ့တဲ့ မတ်လအတွင်း ၁၀-တန်းစာမေးပွဲ စစ်ဆေးချိန်မှာ တောင်ကုတ် မြို့နယ် အထက (၁) ကျောင်း စာမေးပွဲ ခန်းမတွေထဲမှာ ကျောင်းသား တချို့ဆီက စာခိုးချဖို့ ဖွက်ယူလာတဲ့ စာရွက်တွေ တွေ့ရှိခဲ့လို့ ဖြစ်တယ်လို့သိရပါတယ်။

အဲဒီလို ဖြစ်ရတာဟာ စာမေးပွဲခန်းမ စောင့်တဲ့ မူလတန်း ကျောင်းအုပ်တွေ အပါအဝင် ဆရာ ဆရာမတွေရဲ့ တာဝန် ပေါ့လျော့မူ့ကြောင့်ဆိုပြီး တောင်ကုတ်မြို့ စာဖြေဌာနတွေကို လာရောက်ကြီး ကြပ်ခဲ့တဲ့ စစ်တွေမြို့က အထက ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ခင်အောင်က တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို တိုင်ကြားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တောင်ကုတ်မြို့နယ် ပညာရေးမှုး ဦးထွန်းမြတ်နဲ့ စစ်တွေမြို့ကနေ လာရောက်ပြီး ကြီးကြပ်တဲ့ ဆရာမကြီး ဒေါ်ခင်ခင်အောင် တို့အကြား အငြင်းပွား ခဲ့ကြပြီးနောက် ဗဟို အစိုးရ ပညာရေး ဝန်ကြီးဌာန ကနေ တိုက်ရိုက် စစ်ဆေးခဲ့တယ်လို့ တောင်ကုတ် မြို့က ပညာရေးဌာန နဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

ဆရာ ဆရာမတွေက သမ္မတ အထိ အသနားခံစာ အယူခံ တင်ပြပေမဲ့ ဘာမှ အရာမရောက်ခဲ့ဘူးလို့ ပြောပါတယ်။ ဒီလုပ်ရပ်ဟာ ရည်ရွယ်ချက်ရှိရှိ နဲ့ လုပ်သွားတာဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးက ယူဆတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် က ၁၀-တန်းစာမေးပွဲ ခန်းမတွေ အထဲကို အထက်တန်းပြ ဆရာ ဆရာမတွေ တိုက်ရိုက် ကြီးကြပ်ခွင့် မရှိပဲ မူလတန်းပြ ဆရာ ဆရာမတွေက သွားရောက် ကြီးကြပ် ပေးရတယ်လို့ သိရပါတယ်။ အဲဒီလို နယ်ပြောင်းခံရတဲ့ မူလတန်းပြ ဆရာ ဆရာမတွေအနေနဲ့ တချို့ကလည်း အလုပ်ထွက်ဖို့ ဆုံးဖြတ်ကြတယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2014-01-04 20:42

တောင်ကုတ်မှာကဆရာ/ဆရာမတိုကနဲနဲတော့ကြီးကြပ်မူအားနည်းတယ်လို့ကျွန်တော်ထင်ပါတယ်