တယ်လီနောထွက်တာ ပြည်သူတွေ နစ်နာတယ်လို့ ပညာရှင်တွေ သုံးသပ်

အာဏာသိမ်းမှုနဲ့ အရပ်သားတွေအပေါ် စစ်တပ်ကကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရဲ့ နောက် ဆက်တွဲ ပြဿနာတွေကြောင့် နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောဆက်သွယ်ရေးကုမ္ပဏီဟာ မြန်မာနိုင်ငံ ကနေ ပြန်လည်ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရွေးကောက်ပွဲကနေ တင်မြှောက်ထားတဲ့ အရပ်သားအစိုးရတစ်ဖွဲ့လုံးကို စစ်တပ်က ဖမ်းပြီးအာဏာသိမ်းလိုက် သလို၊ ဒီလုပ်ရပ်ကိုဆန့်ကျင်တဲ့ အရပ်သားပြည်သူတွေ ရာနဲ့ချီပြီးသတ်ဖြတ်တာ၊ ထောင်နဲ့ချီတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းထားတာတွေက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေကို လေးစားလိုက်နာတဲ့ကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံမှာ ဆက်ပြီး စီးပွားရေးလုပ်ဖို့ အကျပ်အတည်းတွေဖြစ်နေ ပါတယ်။ သူတို့အတွက် ပြည်တွင်းမှာ အမိန့်အာဏာနဲ့ ညွှန်ကြားစေခိုင်းမယ့် အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရင်ဆိုင် ရမှာဖြစ်သလို၊ နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ထောက်ပြဝေဖန်မှုတွေလည်း ရင်ဆိုင်ရတာဖြစ် ပါတယ်။

အခုလိုအခြေအနေမှာ မြန်မာပြည်မှာ ဆယ်စုနှစ်တစ်ခုလောက် ရင်းနှီးမြှုပ်နှံထားပြီး စားသုံးသူအခိုင်အမာ ရထားတဲ့ နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောဆက်သွယ်ရေး ကုမ္ပဏီဟာ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာဖို့ မကြာသေးခင်သတင်းပတ်တွေက ဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ ပြည်သူတွေရဲ့လုံခြုံရေး၊ စည်းမျည်းစည်းကမ်းသတ်မှတ်ချက်၊ လေးစား လိုက်နာမှုတွေနဲ့ ပတ်သက်လို့ တယ်လီနောအတွက် စိန်ခေါ်မှုတွေ တိုးမြင့်လာတာကြောင့် မြန်မာပြည်က ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာလို့ တယ်လီနောရဲ့ အမှုဆောင်အရာရှိချုပ် Sigve Brekke က သူတို့ထွက်ခွာ ရတဲ့အကြောင်း ဒီလဆန်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

"တပ်အာဏာသိမ်းပြီးကတည်းက ကိုယ်ပိုင်လွတ်လပ်ခွင့်အားလုံးကို အကာအကွယ်မပေးတော့ဘူး"

စစ်ကောင်စီဟာ တယ်လီနောအပါအဝင် ဆက်သွယ်ရေးကုမ္ပဏီကြီးတွေရဲ့ အမှုဆောင်အရာရှိကြီးတွေ၊ ဝန်ထမ်းတွေကို ပြည်ပထွက်ခွင့်ပိတ်လိုက်သလို၊ ထွက်မယ်ဆိုရင် အထူးခွင့်ပြုချက်ယူရမယ့်အကြောင်းနဲ့ သုံးစွဲသူတွေရဲ့ ဘယ်သူကဘယ်ကိုဆက်သွယ်တယ်၊ ဘာတွေဆက်သွယ်တယ်ဆိုတာ ထောက်လှမ်းနိုင်မယ့် ကိရိယာတွေတပ်ပြီး သူတို့ကိုအစီရင်ခံရမယ်ဆိုတဲ့အမိန့်တွေ ထုတ်ပြန်ခဲ့တယ်လို့ ဇူလိုင်လဆန်းမှာ သတင်း ပေါက်ကြားခဲ့ပါတယ်။ အဲဒီနောက် တယ်လီနောကုမ္ပဏီ ထွက်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်သတင်း ပေါ်ထွက် လာတာပါ။

တယ်လီနော ထွက်တော့မယ့် ဆုံးဖြတ်ချက်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍကို ထိခိုက်လာနိုင်သလို တစ်ဖက်မှာလည်း အရပ်သားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လျှို့ဝှက်အချက်အလက်တွေနဲ့ ပတ်သက်လို့ စစ်တပ် က ပိုပြီးထိန်းချုပ်လာနိုင်တယ်လို့ နိုင်ငံရေးသမားတွေ၊ စီးပွားရေးပညာရှင်တွေနဲ့ နည်းပညာကျွမ်းကျင်သူတွေ က သုံးသပ်ပါတယ်။

တယ်လီနောကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ဟာ နဂိုကတည်းက မြန်မာပြည်လာဖို့ လက်တွန့်နေတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို နောက်ဆုတ်ဖို့ ပိုပြီးတွန်းအားဖြစ်စေလိမ့်မယ်လို့ စီးပွားရေးပညာရှင် ဒေါက်တာစိုးထွန်း က သုံးသပ်ပါတယ်။

“လက်ရှိကတော့ နိုင်ငံတကာကုမ္ပဏီကြီးတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ လက်တွန့်နေကြ တာပေါ့။ ရှိထားပြီးသား ကုမ္ပဏီကြီးတွေကလည်း ပြန်ပြီးထွက်နေတာပေါ့။ တယ်လီနောကလည်း နိုင်ငံ တကာကုမ္ပဏီကြီးဖြစ်တဲ့အတွက် သူနောက်ဆုတ်သွားတာဟာ ကျန်တဲ့သူတွေအတွက် ရင်းနှီးမြှုပ်နှံဖို့ ပိုပြီးတော့မှ အဟန့်အတားဖြစ်စေမယ်လို့ ကျွန်တော်မြင်တယ်။ ဘာပဲပြောပြော အနည်းနဲ့အများတော့ ထိခိုက်မှုရှိတယ်။ ဘယ်လောက်အတိုင်းအတာထိတော့ တိုင်းတာလို့ရမှာ မဟုတ်ဘူး”

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာအရေးယူပိတ်ဆို့မှုအပါအဝင် ဘဏ်လုပ်ငန်းတွေ ပုံမှန် မလည်ပတ်နိုင်တဲ့ အကျပ်အတည်းကြောင့် တယ်လီနောဟာ မြန်မာနိုင်ငံကိုစွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်နိုင် ပေမယ့် လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားတဲ့ ကုမ္ပဏီကြီးတစ်ခု အခုလို ထွက်ခွာသွားတာဟာ မြန်မာ ပြည်သူတွေအတွက် နစ်နာတယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦး ကတော့ ဒီသုံးသပ်ချက်တွေကို သဘောမတူပါဘူး။ တယ်လီနောကုမ္ပဏီ ထွက်သွားလို့ မြန်မာနိုင်ငံအတွက် ထိခိုက်မှု မရှိဘူးလို့ သူက ပြောပါတယ်။

“တယ်လီနော ထွက်သွားတာကတော့ သူ့ရဲ့ဆုံးဖြတ်ချက်ပေါ့။ အခြားကန့်သတ်ချက်တွေအရ ဆက်လုပ်ဖို့ အခက်အခဲပေါ်လာလို့ သူထွက်သွားရတာပေါ့။ သူထွက်ချင်လို့ ထွက်သွားတာတော့ မဟုတ်ဘူး။ ဘာ ကြောင့်လဲဆိုတော့ တယ်လီနောကုမ္ပဏီကြီးတစ်ခုလုံးရဲ့ ဝင်ငွေ ၇ ရာခိုင်နှုန်းလောက်က မြန်မာပြည်က အဓိကဝင်တာကိုး။ သူ့အတွက်တော့ မြန်မာပြည်က ကြီးမားတဲ့ဈေးကွက်ကြီးတစ်ခုပဲပေါ့။ အဲတော့ သူ ထွက်သွားတာလည်း သူ့သဘောနဲ့သူ ထွက်ချင်လို့ထွက်သွားတာ မဟုတ်ပါဘူး။ ဒါနိုင်ငံရေးဖိအားတွေ ကြောင့် ထွက်သွားတယ်လို့ပဲ သုံးသပ်တယ်။ သူထွက်တော့ အခြားတစ်ယောက် ပြန်ဝင်လာတာဖြစ်တဲ့ အတွက် သူထွက်သွားခြင်းအားဖြင့် ကျွန်တော်တို့ တိုင်းပြည်မှာ ထိခိုက်နစ်နာတာဆုံးရှုံးတာ ဘာမှမရှိဘူး။”

တယ်လီနောမြန်မာ ဆက်သွယ်ရေးကုမ္ပဏီဟာ ၂၀၁၄ ခုနှစ်ကစလို့ အမေရိကန်ဒေါ်လာ သန်း ၆၀၀ နဲ့ စတင်ရင်းနှီးမြှုပ်နှံခဲ့ပြီး အခုဆိုရင် သုံးစွဲသူပေါင်း ၁၇ သန်းကျော်ရှိတယ်လို့ သိရပါတယ်။

တယ်လီနောမြန်မာရဲ့ ဝန်ဆောင်မှုလုပ်ငန်းအားလုံးကို လက်ဘနွန်နိုင်ငံအခြစိုက် M1 Group ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းဖို့ သဘောတူညီထားတဲ့အကြောင်း ပြီးခဲ့တဲ့ဇူလိုင်လ ၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုတော့ စစ်ကောင်စီနဲ့ M1 Group တို့ ဆွေးနွေးညှိနှိုင်းဖို့ ပြင်ဆင်နေပြီလို့ ဦးအောင်နိုင်ဦး က ပြောပါတယ်။

တယ်လီနောမြန်မာကို ဝယ်လိုက်တဲ့ M1 Group ကို လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း နာဂျစ်မီကာတီ က ပိုင်ဆိုင်ပါတယ်။ အသက် ၆၅ နှစ်အရွယ် မစ္စတာမီကာတီဟာ ဆီးရီးယားနိုင်ငံက အာဏာရှင် အာဆတ်၊ ဆူဒန်နိုင်ငံက အာဏာရှင် အယ်ဗာရှာ တို့နဲ့ ပူးပေါင်းခဲ့တဲ့ ရာဇဝင်တွေရှိတာကြောင့် လူ့အခွင့်အရေးနဲ့ ပုဂ္ဂလိကအချက်အလက်တွေကို အလေးမထားဘူးလို့ Justice For Myanmar က ပြီးခဲ့တဲ့ဇူလိုင်လ ၁၁ ရက် နေ့မှာ ထုတ်ပြန်ထားပါတယ်။

မြန်မာ့လူ့အခွင့်အရေး အခြေအနေကို စောင့်ကြည့်လေ့လာနေတဲ့ Burma Campaign UK အဖွဲ့က ၂၀၁၉ ခုနှစ်မှာ M1 Group ကို နာမည်ပျက်စာရင်း (dirty list) သွင်းထားပါတယ်။ လက်ရှိမှာ M1 Group ဟာ စစ်ကောင်စီနဲ့ တိုက်ရိုက်ပူးပေါင်းထားတာမရှိပေမယ့် စစ်တပ်က ချုပ်ကိုင်ထားတဲ့ Mytel ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီအတွက် တယ်လီဖုန်းတာဝါတိုင်လုပ်ငန်းတွေ အဓိကလုပ်ကိုင်ပေးနေတဲ့ Irrawaddy Green Towers ကုမ္ပဏီရဲ့ အဓိကအစုရှယ်ယာရှင်ဖြစ်ပါတယ်။

M1 group ဟာ စစ်တပ်နဲ့ သွယ်ဝိုက်ပြီးဆက်စပ်နေတာကြောင့် သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက် လုံခြုံစိတ်ချမှုအပေါ် စိုးရိမ်တယ်လို့ လက်ရှိတယ်လီနောသုံးစွဲသူတစ်ဦးဖြစ်တဲ့ ကိုအောင်နေပိုင် က ပြော ပါတယ်။

“တယ်လီနောမြန်မာက ပိုင်ရှင်ပြောင်းသွားတဲ့အခါမှာ အဲဒီပိုင်ရှင်ကိုယ်တိုင်က စစ်အုပ်စုပိုင်တဲ့ Mytel တာဝါတိုင်တွေတည်ဆောက်ရေးမှာ ရင်းနှီးမြှုပ်နှံတဲ့ အစုအဖွဲ့တစ်ခုအနေနဲ့ ပါနေတဲ့အခါကျတော့ သုံးစွဲ သူတွေနဲ့ စစ်ကောင်စီနဲ့ယှဉ်တဲ့အခါ စစ်ကောင်စီဘက်ကို ပိုပြီးတော့လိုက်မယ့် အုပ်စုလိုဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ သုံးစွဲဖို့တော်တော်ခက်လာတယ်။ အဲတော့ ကျွန်တော်တို့လည်း ဒါကို မသုံးတော့ ဘူး။ နောက်အော်ပရေတာတစ်ခုကို စဉ်းစားနေကြတယ်။ကျွန်တော်နဲ့သိတဲ့ မိတ်ဆွေတော်တော်များများ လည်း ဒီလိုပဲစဉ်းစားနေကြတယ်”

tower.jpg
(စစ်ကိုင်းမှာ Irrawaddy Green Towers ကုမ္ပဏီက တည်ဆောက်ထားတဲ့ ဖုန်းတာဝါတိုင်) Photo: IGT Website

မန္တလေးနည်းပညာကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဦးဇော်နိုင် ကတော့ ပြည်သူတွေရဲ့ ပုဂ္ဂလိကအချက် အလက် လုံခြုံမှုတွေကို ချိုးဖောက်နေတဲ့ စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေအပေါ် လက်ဘနွန်ကုမ္ပဏီ M1 group အပါအဝင် ဘယ်ဆက်သွယ်ရေးကုမ္ပဏီကမှ စောဒကတက်လို့ရမှာ မဟုတ်တော့ဘူးလို့ သုံးသပ် ပါတယ်။

“M1 Group က တယ်လီနောဆီက ဝယ်လိုက်ပြီးတဲ့အခါမှာ တပ်နဲ့ဆက်စပ်သည်ဖြစ်စေ မဆက်စပ်သည် ဖြစ်စေ အဓိကသိထားသင့်တာကတော့ တပ်ကအာဏာသိမ်းပြီးကတည်းက တကိုယ်ရေလွတ်လပ်ခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်အားလုံးကို အကာအကွယ်မပေးတော့ဘူးဆိုတာပဲ။ အကာအကွယ် မပေးတော့ဘူး ဆိုတာ တကိုယ်ရေလွတ်လပ်ခွင့်ကို ချိုးဖောက်ချင်သလို ချိုးဖောက်လို့ရတယ်ဆိုတဲ့သဘော သက်ရောက် ပြီးတော့ ဥပမာအားဖြင့် တို့တွေရဲ့ ဘဏ်အကောင့်တွေကိုလည်း အချိန်မရွေးစစ်လို့ရတယ်၊ နောက်ပြီး တော့ တို့တွေရဲ့ တယ်လီဖုန်းတွေကိုလည်း အချိန်မရွေးနားထောင်လို့ရတယ်။”

စစ်တပ်ဟာ အာဏာသိမ်းပြီး ၁၃ ရက်အကြာမှာ နိုင်ငံသားတွေရဲ့ လူပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ လူပုဂ္ဂိုလ် ဆိုင်ရာ လုံခြုံမှုကာကွယ်ရေးဥပဒေ ပုဒ်မ(၅)၊ (၇)၊ (၈)ပါ ပြဋ္ဌာန်းချက်တွေကို ရပ်ဆိုင်းတဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လက်မှတ်ထိုးထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် အခုချိန်မှာ ဆက်သွယ်ရေးကုမ္ပဏီတွေကနေတဆင့် အရပ်သားတွေရဲ့ ကိုယ်ရေးအချက်အလက် တွေကို ထိန်းချုပ်ထားပြီလို့ နည်းပညာကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ရပ်ဆိုင်းခံထားရတဲ့ ပြဋ္ဌာန်းချက်တွေထဲမှာ တစ်ဦးနဲ့တစ်ဦးအကြား ဆက်သွယ်ရေးပစ္စည်းကိရိယာတစ်မျိုးမျိုးနဲ့ ဆက်သွယ်ပြောဆိုတာကို ကြားဖြတ်ဖမ်းယူနားထောင်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် အနှောင့်အယှက် ပေးခြင်း၊ ဆက်သွယ်ရေးအော်ပရေတာတွေထံက ပုဂ္ဂိုလ်ဆိုင်ရာ တယ်လီဖုန်းနဲ့ အီလက်ထရောနစ် ဆက်သွယ် ရေး သတင်းအချက်အလက်တွေ တောင်းယူခြင်း၊ ထုတ်ပေးခြင်းမပြုရ ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။