သပိတ်ကျင်းမြို့နယ်က တပ်စခန်းနှစ်ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်
2024.08.31
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က လေးမိုင်ရွာနဲ့ တာဝါတိုင်ကုန်း စစ်ကောင်စီတပ်စခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဩဂုတ်လ ၃၀ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသရုံးက ထုတ်ပြန်ပါတယ်။
ဒီတိုက်ပွဲမှာ သပိတ်ကျင်း၊ ပြင်ဦးလွင်၊ မန္တလေး၊ ရွှေဘိုနဲ့ ကန့်ဘလူခရိုင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ ဖော်ပြမထားပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
သပိတ်ကျင်းမြို့ကို ဩဂုတ်လ ၂၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားနိုင်ပြီလို့ NUG က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း အနည်းငယ်သာရှိတော့ပြီး တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
သပိတ်ကျင်းမြို့ အပါအဝင် မန္တလေးတိုင်းထဲက မိုးကုတ်၊ စဥ့်ကူး၊ တကောင်း စတဲ့မြို့တွေကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။