ထိုင်း ကာကွယ်ရေးဦးစီးချုပ် မြန်မာနိုင်ငံကို ထွက်ခွာ
လေဆိပ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ရာမှာ ဗိုလ်ချုပ်ကြီး Prayuth က - သူ့ရဲ့မြန်မာပြည် ခရီးစဉ်မှာ နှစ်နိုင်ငံ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုနဲ့ နယ်စပ်ဒေသ မူးယစ်ဆေးဝါး နှိမ်နင်းရေး ကိစ္စတွေ ဆွေးနွေးမှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါ့ပြင် ထိုင်း မြန်မာ နယ်စပ် ဖြတ်သန်းမှု ဆိုင်ရာ ပြဿနာတွေနဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ဘာသာစကားတွေ လေ့လာရေး အပါအဝင် ပညာရေး ဆိုင်ရာ နှီးနှော ဖလှယ်ရေးတွေ ဆွေးနွေးမယ်လို့လည်း ပြောပါတယ်။
ထိုင်းကာကွယ်ရေး ဦးစီးချုပ်ဟာ မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စိုးဝင်းတို့နဲ့တွေ့ဆုံမှာ ဖြစ်ပါတယ်။
ထိုင်းကာကွယ်ရေး ဦးစီးချုပ်နဲ့ အဖွဲ့ဟာ ကြာသပတေးနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံက ပြန်လည် ထွက်ခွာမယ်လို့ သိရပါတယ်။