TAA လေကြောင်းလိုင်း ပုဂံနှင့်နေပြည်တော် တိုးချဲ့ပျံသန်းဖို့ရှိ

ထိုင်းနိုင်ငံက (TAA) Thai Air Asia လေကြောင်းလိုင်းဟာ ပုဂံနဲ့ နေပြည်တော်ကို တိုးချဲ့ပျံသန်းဖို့ အဖက်ဖက်က အဆင်သင့် ရှိနေပေမဲ့ ပုဂံလေဆိပ်ရော နေပြည်တော် လေဆိပ်ပါ အဆင့်မြှင့်ဖို့ လိုအပ်နေသေးတဲ့အတွက် မစတင်နိုင်သေးဘူးလို့ TAA အမှုဆောင် အရာရှိချုပ် Tassapon ကပြောကြား လိုက်ပါတယ်။

စရိတ်သက်သာတဲ့ Thai Air Asia လေကြောင်းလိုင်းဟာ ဘန်ကောက်နဲ့ ရန်ကုန်ကို နေ့စဉ် ပျံသန်းနေပြီး မန္တလေးကို အောက်တိုဘာလမှာ စတင် ပျံသန်းမယ်လို့ မနေ့က ကြေညာပြီး နောက်နှစ်မြို့ အနေနဲ့ ပုဂံနဲ့ နေပြည်တော်ကို ခရီးစဉ် တိုးချဲ့ဖို့ တပါတည်း ကြေညာတာလည်း ဖြစ်ပါတယ်။

နေပြည်တော်နဲ့ ပုဂံလေဆိပ်ကို လေယာဉ်ဆင်းနိုင်ပေမဲ့ လေဆိပ်တွေကို အဆင့်မြှင့်ဖို့ လိုအပ်နေကြောင်း၊ နောင်နှစ်မှာတော့ အဆင့်မြှင့်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ အာဏာပိုင်တွေဟာ ဒီအခက်အခဲ အဟန့်အတားတွေကို သတိမူမိပြီး ဖြေရှင်းနေတယ်လို့ ယူဆမိကြောင်းလည်း ပြောသွားပါတယ်။

Thai Air Asia ဟာ ရန်ကုန်ပြီးရင် မန္တလေးမြို့ကို ပျံသန်းတဲ့ ဒုတိယမြောက် နိုင်ငံတကာ လေကြောင်းလိုင်းဖြစ်ပြီး မန္တလေးကို လျှော့ဈေးနဲ့ ပျံသန်းပေးဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

လောလောဆယ်မှာ အရောင်းမြှင့်တင်တဲ့ အနေနဲ့ ဘန်ကောက်ကနေ မန္တလေးကို စတင်ပျံသန်းတဲ့အခါ ခရီးသည်ရအောင် ခရီးစဉ် တကြောတည်းဆိုရင် အခွန်အပါအဝင် ဘတ် ၁၅၀၀ ထိ ဈေးလျှော့ပြီး ဘန်ကောက်-ရန်ကုန်ကို ဘတ် ၁၂၉၀ ယူပါတယ်။

အောက်တိုဘာလ ၄ ရက်က ဒီဇင်ဘာလ ၃၁ ရက် ခရီးစဉ်တွေအတွက် လာမယ့် တနင်္ဂနွေနေ့ထိ ကွန်ပျူတာ အွန်လိုင်းကနေ ကြိုတင်လက်မှတ် ဝယ်ယူနိုင်တယ်လို့လည်း ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org