ထိုင်းမှာ ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား တစ်ထောင်ခန့် စစ်ကောင်စီလက်ထဲ ပြန်လွှဲ

RFA Burmese
2024.09.06
ထိုင်းမှာ ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား တစ်ထောင်ခန့် စစ်ကောင်စီလက်ထဲ ပြန်လွှဲ ထိုင်းနိုင်ငံ၊ ဖုဖရခရိုင်တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့က ဖမ်းဆီးခံရသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအား တွေ့ရစဉ်။
Addy Chaiyadech

ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား တစ်ထောင်ခန့်ကို ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ပြန်လက်ခံခဲ့တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူတွေအထဲ အမျိုးသား ၇၅၂ ဦးနဲ့ အမျိုးသမီး ၂၀၈ ဦး စုစုပေါင်း ၉၆၀ ဦးကို သက်ဆိုင်ရာနယ်စပ်ဂိတ်တွေကနေ ထိုင်းအာဏာပိုင်တွေက တရားဝင် ပြန်လွှဲပြောင်းပေးတာလို့ ဆိုပါတယ်။

အမေရိကန်အစိုးရရဲ့ ၂၀၂၄ ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အစီရင်ခံစာပါ အကြံပြုချက်တွေအရ ပြီးခဲ့တဲ့လအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေခေါင်းစဉ်နဲ့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်မှာ အခုလိုဖော်ပြထားတာပါ။

အခုလွှဲပြောင်းလက်ခံတဲ့ မြန်မာအလုပ်သမားတွေကို သူတို့ကိုနေရပ်ပြန်ပို့သလား ဒါမဟုတ် ဖမ်းဆီးထိန်းသိမ်းထားသလားဆိုတာ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

အခုနှစ် ဇူလိုင်နဲ့ ဩဂုတ်လတွေအတွင်း ထိုင်းနိုင်ငံ၊ ရနောင်းအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျပြီး ပြန်လွတ်လာတဲ့ မြန်မာအလုပ်သမား ၇၁ ဦးကို ထိုင်းအာဏာပိုင်တွေက လွှဲပြောင်းချိန် ကော့သောင်းဆိပ်ကမ်းမှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောထားပါတယ်။

မြန်မာပြည်တွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စစ်မှုမထမ်းမနေရ ဥပဒေတွေကြောင့် မြန်မာလူငယ်တွေ ထိုင်းနိုင်ငံထဲကို နည်းလမ်းပေါင်းစုံနဲ့ ထွက်ပြေးခိုလှုံတာတွေ များပြားလာနေတာပါ။

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ခြောက်သန်းကျော် ရှိနေတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါထားတယ်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် နိုင်ငံခြားသား အလုပ်သမားဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်နဲ့ အာဏာပိုင်တွေက ဇွန်လကစလို့ဖမ်းဆီး စစ်ဆေးနေပြီး ဩဂုတ်လ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံသား တစ်သိန်းခွဲကျော် (၁၅၅,၆၆၉) ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။