မြန်မာအလုပ်သမား ၄ ဦးကို ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်


2018.04.19
thai-murder-622.jpg ထိုင်းနိုင်ငံ ရနောင်းမြို့မှာဖြစ်ပွားခဲ့တဲ့ ထိုင်းကျောင်းသူသေဆုံးမှုအတွက် ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား ၄ ဦးကို တွေ့ရစဉ်
Photo: Htoo Chit - facebook

ထိုင်းနိုင်ငံ ရနောင်းမြို့မှာ ထိုင်းကျောင်းသူတစ်ယောက်ကို သတ်တယ်ဆိုပြီး တရားစွဲဖမ်းခံထားရတဲ့ မြန်မာ အလုပ်သမား ၄ ယောက်ကို ရနောင်းမြို့တရားရုံးက ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်လိုက်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ဦးမင်းဦးက အမှုနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"အဲဒီခုနက စီရင်ချက်မှာတော့ဗျာ။ သူတို့က တရားလိုဘက်ကနေပြီးတော့ အမှုလိုက်တဲ့ ရှေ့နေနဲ့ တရားလို ဘက်က တင်ထားတဲ့ စွဲချက်တွေကိုပဲ ရွတ်ပြတာပေါ့ဗျာ။ ဆိုတော့ အဲဒီသက်သေက ခိုင်လုံတယ်ပေါ့။ အဲဒီလို ခိုင်လုံတဲ့အတွက်ကြောင့် သူတို့ဟာ ဒီဟာကို ကျုးလွန်တယ်ဆိုပြီးတော့မှ သူတို့က ပြစ်ဒဏ်ချတာပဲ။ တရားခံတွေဘက်က ပြန်ပြီးချေပတဲ့ သက်သေပဲဖြစ်ဖြစ်၊ ရှေ့နေတွေက တင်ပြတဲ့အချက်တွေ၊ လူသက်သေ၊ ပစ္စည်းသက်တွေ ဒါတွေကျတော့ ဟိုဟာက မခိုင်လုံဘူး။ ဒီဟာကတော့ ပလပ်တယ်ပေါ့ဗျာ။ အဲလိုမျိုး အဲဒီသဘောမျိုးတွေ လုပ်ပစ်တာ။ လုပ်ပြီးတော့မှ ပြစ်မှုထင်ရှားတယ်ဆိုပြီးတော့ လုပ်လိုက်တာဗျ"

ဖမ်းဆီးခံထားရသူ မြန်မာအလုပ်သမား ၄ ဦးမှာ အသက် ၁၈ နှစ်မပြည့်သေးသူ ၂ ဦး ပါဝင်ပါတယ်။ အသက် ၁၈ နှစ်မပြည့်သေးသူ မိုးဇင်အောင် ကို ထောင်ဒဏ် ၄ နှစ်၊ ဘတ် ၈ သိန်း ၁ သောင်းနဲ့ ကျော်စိုးဝင်းကိုတော့ ထောင်ဒဏ် ၂ နှစ်၊ ဘတ် ၂ သိန်း ၇ သောင်း ကျခံဖို့ လူငယ်တရားရုံးမှာ စီရင်ချက်ချခဲ့ပြီး လူငယ်ပြုပြင်ထိန်းသိမ်းရေးဂေဟာမှာ ထားမှာဖြစ်ပါတယ်။ ကျန်တဲ့သူတွေဖြစ်တဲ့ စိန်ကတုံးကိုတော့ ထောင်ဒဏ် ၈ နှစ်၊ ဝေလင်းကို ထောင်ဒဏ် ၆ နှစ်နဲ့ အဲဒီ နှစ်ယောက်ပေါင်းပြီး ဒဏ်ငွေ ၅ သိန်း ၇ သောင်း ကျခံစေဖို့ ခရိုင်တရားရုံးမှာ အမိန့်ချခဲ့တာဖြစ်ပါတယ်။

တရားလိုဘက်က တင်ပြတဲ့အချက်တွေကိုသာ အထောက်အထားခိုင်လုံတယ်ဆိုပြီး တရားရုံးက စီရင်ချက်ချမှတ်ခဲ့ပြီး တရားမျှတမှုမရှိဘူးလို့ ယုံကြည်တဲ့အတွက် တစ်လအတွင်း အယူခံဝင်ဖို့ ကြိုးစားသွားမယ်လို့လည်း ဦးမင်းဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် စက်တင်ဘာက အသက် ၁၈ နှစ်အရွယ် ထိုင်းကျောင်းသူတစ်ယောက်ကို သတ်တယ်ဆိုပြီး ထိုင်းရဲတပ်ဖွဲ့က မြန်မာအလုပ်သမား ၄ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။