မြဝတီနယ်စပ် ပိတ်ထားသဖြင့် တနေ့ဒေါ်လာ ၃ သန်းနီးပါး ထိုင်းဆုံးရှုံး

ထိုင်းနိုင်ငံတဖက်ကမ်း မဲဆောက်မြို့နဲ့ မြန်မာနိုင်ငံဖက်က မြဝတီမြို့ကို ဆက်သွယ်ထားတဲ့ ၂ နိုင်ငံ ချစ်ကြည်ရေး တံတားကို မြန်မာဖက်က ဆက်ပိတ်ထားဆဲ ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံဖက်မှာ တနေ့ကို အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး ဆုံးရှုံးနစ်နာနေရတယ်လို့ ထိုင်းကုန်သွယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။

2010.08.10
border_bridge_305px_Z.jpg ထိုင်း-မြန်မာနယ်စပ် မဲဆောက်နှင့် မြဝတီမြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေး တံတား ဖွင့်ထားသည့် အချိန်များတွင် အထုပ်အပိုးများဖြင့် ဖြတ်ကူးနေသော မြန်မာများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

မြဝတီ-မဲဆောက်တံတား ပိတ်ထားတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးမှာ ထိုင်းဖက်က တနေ့ကို အမေရိကန် ဒေါ်လာ ၂ သန်း ၇ သိန်းနီးပါးနဲ့ ညီမျှတဲ့ ဘတ်ငွေ ၈၈ သန်း ဆုံးရှုံးနေရတယ်လို့ ထိုင်းကုန်သွယ်ရေးဝန်ကြီး ပွန်တီဘား နာကာစိုင်းက ဗန်ကောက် စီးပွားရေးသတင်းဌာနတခုကို ဩဂုတ်လ ၉ ရက် မနေ့က ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းဖြေရှင်းဖို့ ကြိုးစားနေဆဲဖြစ်ပြီး ဗီယက်နမ်နိုင်ငံမှာ အခုလထဲ ကျင်းပမယ့် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာဖက်က ကုန်သွယ်ရေးဝန်ကြီးနဲ့ ဆွေးနွေးမယ်လို့ မစ္စ ပွန်တီဘားက ပြောပါတယ်။

မြန်မာနဲ့ ကုန်သွယ်ရေးကိစ္စအပြင် အလုပ်သမားကိစ္စတွေကိုပါ ထည့်သွင်းဆွေးနွေးမယ်လို့လည်း သိရပါတယ်။ ထိုင်းနိုင်ငံစက်မှုလုပ်ငန်းတွေဟာ မြန်မာနယ်စပ်ကုန်သွယ်ရေးကို အဓိက အားထားနေရသလို တဖက်ကလည်း အလုပ်သမားရှားပါးမှုအတွက် မြန်မာအလုပ်သမားတွေကို အားထားနေရတယ်လို့ သိရပါတယ်။

ထိုင်းမြန်မာ နယ်ခြားထားတဲ့ သောင်ရင်းမြစ်မှာ ထိုင်းဖက်က ကမ်းထိန်းတာတွေကို ဆောက်လုပ်တာကို ကန်ကွက်ပြီး မြန်မာဖက်က ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး တံတားကို ပိတ်ထားခဲ့ပါတယ်။ ဒီလိုပိတ်လိုက်တဲ့အတွက် ထိုင်း စီးပွားရေးလုပ်ငန်းတွေ နည်းတူ ဒေသခံမြန်မာတွေရဲ့ နေ့စဉ်ဘဝတွေကိုလည်း ထိခိုက်နစ်နာနေရတယ်လို့ သိရပါတယ်။ ထိုင်းနယ်စပ်အခြေစိုက် မြန်မာတွေရဲ့ အဆိုအရ အရင်က အခုလို နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို မြန်မာဖက်က အကြိမ်ကြိမ် ပိတ်ခဲ့ဖူးပေမယ့် ထိုင်းဝန်ကြီးချုပ်အဆင့်က ဝင်ရောက် ပြောကြားတာတွေ ရှိတဲ့အထိ အဖြစ်မျိုး မကြုံဖူးတဲ့အတွက် နောက်ကွယ်မှာ နိုင်ငံရေးပါတယ်လို့ သုံးသပ်တာလည်း ရှိပါတယ်။

ဒီအကြောင်း RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စုစည်းတင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။