စစ်ကြောင့် ထွက်ပြေးလာသူများကို ဒုက္ခသည်အဖြစ် ထိုင်းက မယူဆ

ကရင်ပြည်နယ်တွင်းက တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေး ရောက်ရှိ ခိုလှုံလာသူတွေကို ဒုက္ခသည်လို့ ထိုင်းအစိုးရက မသတ်မှတ်နိုင်ကြောင်း ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Mr. Panitan Wattanayagorn က RFA နဲ့ သီးသန့် ဆက်သွယ်မေးမြန်းစဉ် ပြောဆိုလိုက်ပါတယ်။

2010.12.15
refugee_dkba_camp_305_z.png တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) နှင့် မြန်မာ စစ်အစိုးရတပ်များ တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့် မြန်မာဖက်ကမ်း မြဝတီမြို့မှ ထိုင်းဖက်ကမ်း မဲဆောက်မြို့သို့ အစုလိုက် အပြုံလိုက် ထွက်ပြေးလာသော စစ်ပြေးဒုက္ခသည်များကို နိုဝင်ဘာ ၉ ရက်နေ့က ယာယီ တဲစခန်းများတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အခုရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်နဲ့ အနီးဆုံး ကရင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်စိတ် ကြီးထွားလာပြီး အသက်ဘေး လုံခြုံစိတ်ချရမဲ့ ထိုင်းနိုင်ငံ နယ်စပ်ဒေသတွေကို ထွက်ပြေးလာနေကြပါတယ်။

နိုင်ငံတကာ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းတွေကတော့ အဲဒီ စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနိုင်ဖို့ ဒုက္ခသည်စခန်းအသစ်တွေ ဖွင့်ပေးသင့်ကြောင်း မေတ္တာရပ်ခံ တောင်းဆိုနေတဲ့ကိစ္စကို ထိုင်းအစိုးရက ဘယ်လို သဘောထားရှိသလဲလို့ RFA က မေးမြန်းရာမှာ Mr. Wattanayagorn က “အဲဒီလို နယ်စပ်ကို ထွက်ပြေးလာကြသူတွေကို ဒုက္ခသည်တွေအဖြစ် ကျနော်တို့အနေနဲ့ မသတ်မှတ်နိုင်ပါဘူး ၊ ကျနော်တို့ ထိုင်းနိုင်ငံဟာ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂစာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်းလည်း မရှိပါဘူး၊ ဒါပေမဲ့ သေချာတာက အဲဒီလို ထွက်ပြေးလာကြသူတွေကို ထိုင်းနယ်စပ်မှာ ခေတ္တ ခိုလှုံခွင့်ပေးတာမျိုး လုပ်ပါတယ် မြန်မာနိုင်ငံဖက်ခြမ်းမှာ စစ်ပွဲတွေ ငြိမ်သက်သွားပြီလို့ ယူဆရတဲ့အခါမျိုးမှာတော့ မြန်မာပြည်ဖက်အခြမ်းကို ပြန်ပို့ပါတယ်”လို့ ဖြေကြားပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်တွင်းမှာ လတ်တလော ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အခြေအနေကိုလည်း ထိုင်းနိုင်ငံအနေနဲ့ အနီးကပ် စောင့်ကြည့် နေပါတယ်လို့ Mr. Wattanayagorn က ပြောပါတယ်။

ဒီအတောတွင်း ထိုင်းဝန်ကြီးချုပ် Mr. Abhisit Vejjajiva က မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက် ထုတ်မဲ့အစီအစဉ် လုပ်ဆောင်နေတယ်ဆိုတာ သူမယုံကြည်ကြောင်း ပြောတယ်လို့ ဗန်ကောက်ပို့စ်သတင်းစာက ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ရေးသားလိုက်ပါတယ်။

အဲဒီအကြောင်းတွေအပါအဝင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား ပြန်ဖွင့်မဲ့ကိစ္စ၊ နယ်စပ်တိုင်းရင်းသား စစ်ပွဲတွေကိစ္စ အပါအဝင် ထွက်ပြေးလာနေကြတဲ့ စစ်ပြေးဒုက္ခသည်ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ သဘောထားသိရအောင် ထိုင်းအစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Mr. Panitan Wattanayagorn ကို RFA ဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင်က သီးသန့် ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။