ထိုင်းရောက် မြန်မာတွေ မှတ်ပုံတင်ခ ကြီးမား
2015.04.11
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်သမားလက်မှတ် သက်တမ်းတိုးထုတ်ပေးနေရာ မှာ ကောက်ခံငွေများလွန်းတဲ့အတွက် အလုပ်သမားအနည်းစုကပဲ လက်မှတ်လုပ်နိုင်ပြီး၊ အများစုက အခက်တွေ့နေကြတယ်လို့ သိရပါတယ်။
တစ်နှစ်သက်တမ်းရှိမယ့် အဲ့ဒီလက်မှတ်တစ်ခုအတွက် လူကြီးတစ်ယောက်ကို ဘတ်ငွေ ၃ ထောင့် ၁ ရာကျော် ကျသင့်မှာဖြစ်ပြီး၊ အလုပ်သမားတွေမှာသားသမီးရှိရင် ကလေးလက်မှတ်အတွက် တစ်ယောက်ကို ဘတ်ငွေ ၁၁ဝဝ ကျော် ကျသင့်မှာဖြစ်ပါတယ်။
ဒါကြောင့် တစ်ရက်မှ ဘတ် ၈ဝ ကနေ ၁၈ဝ ကြားသာရနေတဲ့ မဲဆောက်မြို့က မြန်မာအလုပ်သမားတွေအတွက် ဘတ် ၃ ထောင်ကျော်ပေးဖို့ အခက်အခဲရှိကြတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဌ ကိုမိုးကြိုးက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အနိမ့်ဆုံးလုပ်ခလစာ တစ်ရက်ကို ဘတ် ၃ ရာသတ်မှတ်ထားပေမယ့် မြန်မာအလုပ်သမားတွေ ကတော့ အဲ့ဒီလောက်မရကြဘူးလို့ဆိုပါတယ်။









