ထိုင်းနိုင်ငံထဲ MOU စနစ်နဲ့ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးသွားမယ်ဆိုရင် သက်တမ်းတိုးဖို့အတွက် ရန်ကုန်ထိပြန်စရာမလိုတော့ဘဲ နယ်စပ်မှာတင် သက်တမ်းတိုးနိုင်တော့မယ်လို့ ဘန်ကောက်မြို့အခြေစိုက် မြန်မာသံရုံးက ထုတ်ပြန်ကြေညာပါတယ်။
ထိုင်း- မြန်မာနယ်စပ်မြို့တွေဖြစ်တဲ့ မြဝတီနဲ့ ကော့သောင်းမြို့တွေမှာ အမြန်စနစ်နဲ့ လုပ်ပေးမှာဖြစ်ပြီး အချိန်တိုအတွင်းမှာပဲ U-Turn စနစ်နဲ့ အလုပ်ပြန်လုပ်ခွင့်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလို နယ်စပ်မှာ အလုပ်လုပ်ခွင့် သက်တမ်းတိုးချင်တဲ့သူတွေအနေနဲ့ နိုင်ငံကူးလက်မှတ် ပတ်စပို့စ်သက်တမ်း လက်ကျန် အနည်းဆုံး နှစ်နှစ်ရှိဖို့ လိုပြီး၊ ကိုယ့်ရဲ့အလုပ်ရှင်ကိုလည်း U turn စနစ်နဲ့ ရက်တိုတိုအတွင်း ပြန်အလုပ်ဝင်မယ့်အကြောင်း အသိပေးထားဖို့လိုတယ်လို့ ဆိုပါတယ်။
အရင်က အလုပ်လုပ်ခွင့် သက်တမ်းကုန်ရင် ရန်ကုန်ပြန်ပြီး အလုပ်ပွဲစား အေးဂျင့်တွေကနေတစ်ဆင့် သက်တမ်းပြန်တိုးရပါတယ်။
အဲဒီလို ရန်ကုန်ထိပြန်ရတာဟာ ကုန်ကျစရိတ်များတဲ့အပြင် အချိန်လည်းကုန်တာကြောင့် အလုပ်သမားအများစုဟာ ထိုင်းနိုင်ငံတွင်းမှာတင် ပန်းရောင်ကတ်လို့ခေါ်တဲ့ အလုပ်လုပ်ခွင့်ကတ်တွေ ပြောင်းလျှောက်ကြတယ်လို့ ထိုင်းနိုင်ငံရောက် အလုပ်သမားတစ်ဦးက ပြောပါတယ်။
လက်ရှိထိုင်းအစိုးရကလည်း အလုပ်လုပ်ခွင့် သက်တမ်းကုန်နေတဲ့သူတွေ၊ တရားမဝင်အလုပ်လုပ်နေသူတွေကို ပန်းရောင်ကတ် ထုတ်ပေးမယ်ဆိုပြီး စာရင်းတွေကောက်ထားပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားစတဲ့နိုင်ငံတွေက အလုပ်သမား ခုနစ်သိန်းလောက်ရှိပြီး မြန်မာနိုင်ငံက အများဆုံးဖြစ်ပါတယ်။