ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်သံအမတ်ကြီး မြန်မာ့ရေဘေးကိစ္စ ဆွေးနွေး

ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံမှုမှာ မြန်မာနိုင်ငံရဲ့ သဘာဝဘေးကယ်ဆယ်ရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆင်ညမ်ဖုန်အား တွေ့ရစဉ်။ Reuters

ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Robert F. Godec နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆင်ညမ်ဖုန်တို့ စက်တင်ဘာ ၁၆ ရက်နေ့က တွေ့ဆုံမှုမှာ မြန်မာနိုင်ငံရဲ့ သဘာဝဘေးကယ်ဆယ်ရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ Pattaya Mail ထိုင်းဒေသတွင်း သတင်းဌာနက စက်တင်ဘာ ၂၀ ရက်မှာ ဖော်ပြပါတယ်။

အဲလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံအခြေအနေအပါအဝင် ဒေသတွင်း လက်ရှိဖြစ်ပေါ်တိုးတက်မှုတွေအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး ထိုင်းနဲ့ အမေရိကန် နှစ်နိုင်ငံကြား ကာကွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့လည်း ရေးသားထားပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် ဆုံးရှုံးမှုတွေအတွက် ဝမ်းနည်းကြောင်းလည်း အမေရိကန်သံအမတ်ကြီး ပြောကြားခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် လာမဲ့ရက်ပိုင်းအတွင်း နယူးယောက်မြို့မှာ ပြုလုပ်မယ့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွက် နှစ်နိုင်ငံဦးစားပေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းက ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org