မြစ်ကြီးနားသတင်းဂျာနယ်ကို သခင်စစ်ကုမ္ပဏီ တရားစွဲ


2019-03-12
Share
thakhinsit-622.jpg သခင်စစ်ကုမ္ပဏီ ဆိုင်းပုဒ်ကို တွေ့ရစဉ်
Photo: Myitkyina News Journal

မြစ်ကြီးနားသတင်းဂျာနယ်က အမှုဆောင်အရာရှိချုပ် နှစ်ဦးနဲ့ သတင်းရေးသားတဲ့ သတင်းထောက် မမွန်းမွန်းပန်ကို အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ အရေးယူပေးဖို့ သခင်စစ် ကုမ္ပဏီက ဝိုင်းမော်မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားလိုက်ပါတယ်။

သခင်စစ် ကုမ္ပဏီကို တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးတဲ့ ကုမ္ပဏီလို့ ရေးသားဖော်ပြခဲ့တာကြောင့် ပုဒ်မ ၅၀၀ နဲ့ အရေးယူပေးဖို့ဆိုပြီး ဦးတိုက်လျှောက်ထားခဲ့တာကြောင့် ထုချေဖြေရှင်းဖို့ မြစ်ကြီးနားသတင်းဂျာနယ် တာဝန် ရှိသူတွေဆီ တရားရုံးက ဒီနေ့ ဆင့်ခေါ်စာ ပေးပို့တယ်လို့ သိရပါတယ်။

သခင်စစ်ကုမ္ပဏီက တရားရုံးကို ဦးတည်လျှောက်ထားတာနဲ့ ပတ်သက်လို့ လာမယ့် မတ်လ ၁၈ ရက်နေ့မှာ တရားရုံးကို သွားရောက်ရှင်းလင်းရမှာဖြစ်တယ်လို့ သိရပါတယ်။

သခင်စစ်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဒိန်ဆောင်က တရားလိုလုပ်ပြီး မြစ်ကြီးနားသတင်းဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးဘရန်မိုင်၊ ဦးဇော်ခွန်းနဲ့ သတင်းရေးသားသူ မမွန်းမွန်းပန်တို့ကို ရာဇသတ်ကြီးပုဒ်မ- ၅၀၀ အသရေဖျက်မှုနဲ့ အရေးယူပေးဖို့ မတ်လ ၄ ရက်နေ့က ဝိုင်းမော်မြို့နယ်တရားရုံးထံ ဦးတိုက်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ဦးဘရန်မိုင်ကတော့ တရားဥပဒေအရ ရင်ဆိုင်သွားမှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ မြစ်ကြီးနားဂျာနယ်ကို သခင်စစ်ကနေပြီး အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲတယ်၊ ဒီနေ့ တရားရုံးကနေ ဆင့်ခေါ်စာရတယ်၊ တရားစွဲခံရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပြီးသားပါ၊ ဘယ်လို ပဲပြောပြော သူတို့ခံတာက သူတို့ရဲ့ ဂုဏ်သိက္ခာ၊ ကုမ္ပဏီနာမည်ကို ညှိုးနွမ်းစေတယ်ဆိုပြီး ဖြစ်နိုင်တယ်၊ ဆွဲမယ်ဆိုရင်တော့ ပုဒ်မ ၅၀၀ နဲ့ ဆွဲနိုင်တယ်ဆိုတာ ထင်ထားတယ်၊ အခုတော့ တရားရုံးက ဆင့်ခေါ်စာ ကျွန်တော်တို့ လက်ထဲကို ရောက်နေပြီ"

မြစ်ကြီးနားသတင်းဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးဘရန်မိုင် ပြောသွားတာပါ။

တရားစွဲဆိုတာနဲ့ပတ်သက်ပြီး သခင်စစ်ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးဒိန်ဆောင်ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ အခုလိုဖြေကြားပါတယ်။

"အမှုစီရင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မလုပ်ချင်ပါဘူး၊ ကျွန်တော်တို့ အပြုသဘောဆောင်ပါတယ်၊ အစထဲက အမှု မဖွင့်ချင်လို့ သားသမီးချင်းကိုယ်ချင်းစာလို့ ခေါ်ပြီးတော့ သတိပေးတာပဲရှိတယ်၊ ကျန်တာကတော့ ကျွန်တော်တို့ အခုလည်းသူတို့ကို မမုန်းပါဘူး၊ မေတ္တာနဲ့ပဲနေကြမယ်ဆိုရင် ဘာမှလုပ်စရာမရှိပါဘူး၊ ပုဒ်မ ၅၀၀ နဲ့ တရားစွဲ တာတော့ မသိပါဘူး"

ဝိုင်းမော်မြို့နယ် စခန်းမှူး ဒုရဲမှူးကျော်စိုးက ဝိုင်းမော်မြို့နယ်တရားရုံးထံ ဦးဒိန်ဆောင် ကိုယ်တိုင် ဦးတိုက်လျှောက်ထားတဲ့အကြောင်း RFA ကိုပြောပါတယ်။

"သူကတရားရုံးကို ဦးတိုက်လျှောက်ထားတာဖြစ်ပါတယ်၊ ရဲအရေးမပိုင်ပါဘူးခင်ဗျ"

ဖေဖေါ်ဝါရီ ၂၅ရက်နေ့က ထုတ်ဝေခဲ့တဲ့ မြစ်ကြီးနားသတင်းဂျာနယ်မှာပါတဲ့ "မှန်ဒေါင်ကျေးရွာအုပ်စုတွင် တရုတ် တစ်သျူးဌက်ပျောသည့် ကုမ္ပဏီ ၂ခုဝင်ရောက်လုပ်ကိုင်နေ" ဆိုတဲ့ သတင်းမှာ တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးမည့် သခင်စစ်ကုမ္ပဏီဟာ ဝိုင်းမော်မြို့နယ် မန်ဒေါင်ကျေးရွာအုပ်စုမှာ လူထုနဲ့ တေ့ွဆုံခဲ့တယ်လို့" ရေးသားဖော်ပြ ခဲ့တာဖြစ်ပါတယ်။

အဲဒီသတင်းဖော်ပြချက်နဲ့ပတ်သက်လို့ မြစ်ကြီးနားသတင်းဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးဘရန်မိုင် က အခုလိုပြောပါတယ်။

"ကျွန်တော်တို့ဆီကရေးသားလိုက်တဲ့ သတင်းတစ်ပုဒ်ပေါ့၊ အဲမှာပါတဲ့ စာကြောင်းတစ်ခုက တစ်ရှူးငှက်ပျော စိုက်ပျိုးသွားမည့် ဆိုပြီးထည့်ထားတဲ့ စာကြောင်းတစ်ကြောင်းပါတယ်၊ သူတို့ခံယူချက်က သူတို့ကို စွပ်စွဲတာ ကျွန်တော်တို့က စိုက်ပျိုးသွားမည့်လို့ပြောတာ အဲဒါကြောင့်မို့ သူတို့ ခံယူချက်အတိုင်း ပုဒ်မ ၅၀၀ နဲ့ တရားစွဲတာ"

အဲဒီသတင်းနဲ့ပတ်သက်ပြီး သတင်းရေးသားတဲ့ မမွန်းမွန်းပန် အပါအဝင် သတင်းထောက်နှစ်ဦးကို ဖေဖော်ဝါရီ လကုန်လောက်က ကုမ္ပဏီရုံးခန်းထံ ခေါ်ဆောင်ပြီး ကိုယ်ထိလက်ရောက်ရိုက်နှက်တာတွေ ခြိမ်းခြောက်ပြောဆို တာတွေ ရှိခဲ့တဲ့အတွက် သတင်းထောက် မမွန်းမွန်ပန်က သခင်စစ်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဒိန်ဆောင် အပါအဝင် ၆ဦးကို ဝိုင်းမော်မြို့နယ်ရဲစခန်းမှာ ပုဒ်မ ၅ခုနဲ့ အမှုဖွင့်ထားပါတယ်။

ပုဒ်မ ၃၅၄ မိန်းမ ကာယိန္ဒြေပျက်စီးစေရန်အကြံနဲ့ လက်ရောက်မှုကျူးလွန်မှု ၊ ပုဒ်မ ၂၉၄ ညစ်ညမ်းစွာပြောဆိုမှု၊ ပုဒ်မ ၃၄၁ မတရားတားဆီး ကန့်ကွက်မှု၊ ပုဒ်မ ၃၂၃ မိမိအလိုအလျောက် နာကျင်စေမှု ပုဒ်မ ၁၁၄ ပြစ်မှုကျူးလွန်ရာမှာ အားပေးကူညီမှုတို့နဲ့ အမှုဖွင့်ထားတာပါ။ အဲဒီအမှုတွေနဲ့ပတ်သက်လို့တော့ ရဲအရေးပိုင်မှုဖြစ်တာကြောင့်ဆိုပြီး ဦးဒိန်ဆောင်အပါအဝင် ၆ဦးကို အာမခံပေးထားပြီး စစ်ဆေးနေဆဲဖြစ်တယ်လို့သိရပါတယ်။

သခင်စစ်ကုမ္ပဏီဘက်ကတော့ သူတို့ဟာ တရုတ်ကုမ္ပဏီ မဟုတ်ကြောင်း၊ တစ်သျှူးငှက်ပျောစိုက်ပျိုးတာ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။