တနင်္သာရီမြို့မှာ မြစ်ရေကြီးပြီး စာသင်ကျောင်း ၂၀ နီးပါး ပိတ်ထားရ


2019.09.04
thanitharyi-flood-622.jpg ရေကြီးနေတဲ့ တနင်္သာရီတိုင်းမြို့ကို ၂၀၁၉ သြဂုတ် ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: Ye Myint Swe FB

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့မှာ ဒုတိယအကြိမ် မြစ်ရေကြီးတာကြောင့် စာသင်ကျောင်း ၂၀ နီးပါး ပိတ်ထားရတယ်လို့ မြို့နယ်ပညာရေးမှူးရုံး စာရင်းတွေအရ သိရပါတယ်။

တနင်္သာရီမြို့မှာ မိုးသည်ထန်စွာရွာသွန်းတာကြောင့် စက်တင်ဘာလဆန်းကစပြီး ဒုတိယအကြိမ် မြစ်ရေကြီးနေတာဖြစ်ပါတယ်။

မြစ်ရေကြီးပြီး စာသင်ကျောင်းတွေထဲရေဝင်တာ၊ ကျောင်းသွားတဲ့လမ်းတစ်လျောက်မှာ ရေကြီးနေတာကြောင့် စာသင်ကျောင်း ၂၀ နီးပါး ပိတ်ထားရတယ်လို့ တနင်္သာရီမြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူး ဦးဇော်မင်းယုက ဒီနေ့ပြောပါတယ်။

လက်ရှိကျောင်းတွေ ပိတ်ထားရတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဦးဇော်မင်းယုက အခုလိုပြောပါတယ်။

"မနေ့ကအထိ ၁၇ ကျာင်း ဒီနေ့ ၁၉ ကျောင်း၊ တချို့ကျောင်းတွေ ထပ်ပိတ်ပြီးတော့ တချို့ကျောင်းတွေက ပြန်ဖွင့်နိုင်ပြီ၊ ကျောင်းထဲရေဝင်တာရော၊ တချို့ကျောင်းတွေကတော့ အန္တရာယ်ရှိမယ်ထင်ရင် ကျောင်းနားမရောက်ခင် လမ်းတွေမှာ ရေတွေမြုပ်တာတွေရှိတယ်၊ ကျောင်းအနောက်ဘက် အင်းတွေမှာ မြုပ်နေတာတွေရှိတယ်၊ ကလေးတွေ အန္တရာယ်ရှိမယ်ဆိုရင် ပိတ်ထားပါတယ်"

ဒီလိုကျောင်းတွေပိတ်ထားရတာကြောင့် ကျောင်းသား လေးထောင်နီးပါး စာသင်ကြားခွင့်မရဘဲ အခက်အခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။

မြစ်ရေ ဒုတိယအကြိမ် ပြန်တက်လာတာကြောင့် ကျောက်တလုံးကျေးရွာထဲမှာရှိတဲ့ အမက မြေမအုံကျောင်းဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့ကတည်းက ပိတ်ထားရပါတယ်။

ကျောင်းပိတ်ထားရတာကြောင့် အခက်အခဲတွေဖြစ်နေတဲ့ အခြေအနေကို ကျောက်တလုံး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မင်းဦးက အခုလို ပြောပါတယ်။

"စာသင်ဖို့ ကလေးတွေက သွားရေးလာရေးကစ စာသင်ဖို့အထိ ဌာန်ကရိုဏ်းမကျဖြစ်နေတယ်၊ အားလုံးက တစ်ရွာလုံး ပြောင်းရမယ့်အနေအထားမျိုး ရောက်နေပြီ၊ ကလေးတွေလည်း စာနောက်ကျတယ်၊ မိဘတွေကိုယ်တိုင်လည်း ရေထဲမှာဆိုတော့ သွားရေးလာရေး အခက်အခဲဖြစ်နေတယ်၊ အချိန်ပိုသင်ပေးမယ်ဆိုရင်တောင် ပုံမှန်နှုန်းထားထက် ရာနှုန်းပြည်လျော့မယ်လို့ ကျနော်အနေနဲ့ သုံးသပ်မိပါတယ်"

ရေကြီးနေတာကြောင့် ပိတ်ထားရတဲ့ကျောင်းတွေမှာ ကျောင်းသားတွေ ကျောင်းခေါ်ချိန် ရာခိုင်နှုန်းပြည့်မှီဖို့အတွက် စနေ၊ တနင်္ဂနွေလို့ ပိတ်ရက်တွေမှာ အချိန်ပိုသင်ကြားဖို့ စီစဉ်ထားတယ်လို့ တနင်္သာရီမြို့နယ် ဒုတိယပညာရေးမှူး ဦးဇော်မင်းယုက ပြောပါတယ်။

လက်ရှိ တနင်္သာရီမြို့မှာ မြစ်ရေဟာစိုးရိမ်ရေအမှတ်ထပ် သုံးပေကျော်လွန်နေပြီး လူနေအိမ်တွေတချို့နဲ့ လမ်းတချို့ ရေကြီး နစ်မြုပ်နေပါတယ်။

ရေဘေးဒဏ်ခံစားနေရသူတွေကို စားနပ်ရိက္ခာထောက်ပံ့ထားတယ်လို့ တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ပြောပါတယ်။

"မနေ့ကအခြေအနေထိ အိမ်ထောင်စု ၁၁၀နဲ့ လူဦးရေ ငါးရာကျော် ရေဘေးရှောင်စခန်းတွေမှာ ပို့ထားတယ်၊ စီမံပြီးနေရာချထားပေးရတယ်၊ ရေဘေးရှောင်စခန်း ငါးခုဖွင့်လှစ်ပြီး အလှူခံရရှိတဲ့ ရိက္ခာတစ်ပတ်စာ ပို့ထားပါတယ်"

ဒုတိယအကြိမ် ရေကြီးနစ်မြုပ်ရာမှာတော့ နေအိမ်တွေ၊ ပစ္စည်းတွေ ပျက်စီးဆုံးရှုံးတာတွေမရှိသလို့ လူသေအပျောက်လည်း မရှိသေးဘူးလို့ သိရပါတယ်။

တနင်္သာရီမြို့မှာ ပြီးခဲ့တဲ့သြဂုတ်လတုန်းကလည်း ပထမအကြိမ် ရေကြီးနစ်မြုပ်ခဲ့ပြီး လူ ၂ သောင်းကျော် ရေဘေးသင့်ခဲ့ပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။