သန်လျင်မြို့နယ် မြို့ဟောင်းအလယ်ရပ်ကွက်ကနေ တောင်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးရုံးအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးစိုးကြည်က RFA ကို အခုလိုပြောပါတယ်။
"သမဝါယမအသင်းက ဆိုင်းဘုတ်ပါမယ်၊ နောက်ကျနော်တို့က အချက် ၅ ချက်ပါတဲ့ ဆိုင်းဘုတ်ပါတယ်၊ အဲဒါတွေကိုင်ဆောင်ပြီးတော့ ငြိမ်းချမ်းစွာ လမ်းလျှောက်တယ်၊ ပြီးတော့ခရိုင်အုပ်ချုပ်ရေးမှူးမှာ ကျနော်တို့ဟောပြောကြပါတယ်"
ဒီဆန္ဒပြပွဲမှာ အရင်စစ်အစိုးရလက်ထက်က ပြည်ပနိုင်ငံတွေနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ပြည်သူလူထုကို ပွင့်လင်းမြင်သာမှုရှိရှိ အသိပေးတင်ပြဖို့၊ တပ်မတော်နဲ့ ဝန်ကြီးဌာနတွေက သိမ်းဆည်းထားတဲ့ လယ်မြေတွေကို မူလတောင်သူတွေဆီ ပြန်လည်ချထားပေးဖို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ပြည်သူ့ဆန္ဒအတိုင်း ဥပဒေ၊ နည်းဥပဒေတွေအတိုင်း ရွေးချယ်ပေးဖို့ စာတန်းတွေပါတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဒေသခံတွေက စီတန်းလမ်းလျှောက်ခဲ့ကြပါတယ်။
ဒီကနေ့ဆန္ဒပြပွဲကို သက်ဆိုင်ရာ အာဏာပိုင်တွေဆီမှာ ခွင့်ပြုချက်ရယူဆန္ဒပြတာဖြစ်ပြီး အလားတူဆန္ဒပြပွဲတစ်ခုကို ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ကလည်း ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။