သန်လျင်မြို့နယ်က လယ်သမား ၁၃၅ ဦး ချေးငွေမရ


2016.09.29
yangon-parliament-622.jpg ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းဝေး ကျင်းပနေစဉ်
Photo:Htet Arkar/RFA

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်က လယ်သမား ၁၃၅ ယောက်ဟာ မြေယာလုပ်ပိုင်ခွင့် ပုံစံ ၇ မရှိ တာကြောင့် ပြီးခဲ့တဲ့နှစ်ကစပြီး စိုက်ပျိုးစားရိတ်ချေးငွေ မရရှိတဲ့အကြောင်း ဒီကနေ့ ပထမဆုံးနေ့အဖြစ် ပြန်လည် ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးပါတယ်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကို ၃ လကြာ ရပ်နားပြီးနောက် ဒီကနေ့ ပြန် လည်စတင်ခဲ့တာဖြစ်ပြီး ကိုးကိုးကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက အခုလို ဆွေးနွေးပါတယ်။

"ဒီလယ်သမားတွေဟာ ၂ဝ၁၅ ခုနှစ်ကစပြီးတော့ ဥပဒေအရ ပုံစံ ၇ ရှိမှသာလျှင် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးတော့မှာဖြစ်တဲ့အတွက် မရရှိခဲ့ပါဘူး၊ ဒီလယ်သမားတွေဟာ (N)ပြေစာနဲ့ တာတမံခွန်တွေလည်း ၁၉၇၈ ခုနှစ်ကတည်းက နှစ်စဉ်ပေးဆောင်ခဲ့ပါတယ်၊ N ပြေစာဖြစ်နေတဲ့အတွက် ကျွန်တော်တို့ ပုံစံ ၇ မရတာဖြစ်ပါ တယ်၊ ပုံစံ ၇ မရတော့တဲ့အတွက်ကြောင့် ၂ဝ၁၅ ခုနှစ်မှာ ကျွန်တော်တို့ စိုက်ပျိုးစရိတ်ချေးငွေ မရတော့တဲ့ အတွက်ကြောင့် တော်တော်အခက်အခဲဖြစ်နေပါတယ်"

သန်လျင်မြို့နယ် ရုံးသပြေကန်ကျေးရွာအုပ်စုနဲ့ ဝင်းခနီကျေးရွာက လယ်သမားတွေ စိုက်ပျိုးစားရိတ်ချေးငွေ မရတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဦးဟန်ထွန်းက မြေယာလုပ်ပိုင်ခွင့် ပုံစံ ၇ ရှိမှသာ စိုက်ပျိုးချေးငွေရမှာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

ချေးငွေ မရတဲ့ လယ်သမား ၁၃၅ ဦးဟာ ၁၉၇၈ ခုနှစ်ကနေ ၂ဝ၁၄ ခုနှစ်အထိ ၃၆နှစ်ကြာ တာတမံခွန် နဲ့မြေခွန်တွေ ဆောင်ထားသူတွေဖြစ်ပြီး  ပုံစံ ၇ မြေယာလုပ်ပိုင်ခွင့် မရှိပေမယ့် စိုက်ပျိုးစားရိတ် ချေးငွေ ရရှိခဲ့သူတွေဖြစ်ပါတယ်။ ၂ဝ၁၄ နောက်ပိုင်းမရတဲ့အတွက် လွှတ်တော်မှာ တင်ပြတာလို့ ကိုယ်စားလှယ် ဦးတင်ဝင်းက ပြောပါတယ်။

ဒီကနေ့ ပြန်လည်ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းဝေးကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့ တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။