ထန်တလန်မြို့က စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်

RFA Burmese
2024.09.18
ထန်တလန်မြို့က စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့တွင် ချင်းလဲန်းတော်လှန်ရေးတပ်ဖွဲ့များ သိမ်းထားသည့် လိုင်ဗီလာတည်းခိုခန်းကို တွေ့ရစဉ်။
Citizen Photo

[Update: 1: 05 PM, Sep 18, 2024]

ချင်းပြည်နယ် ထန်တလန်မြို့ပေါ်က လိုင်ဗီလာတည်းခိုခန်းမှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ် လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့ကစလို့ သုံးရက်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး မြို့ပေါ်က စစ်ကောင်စီရဲ့ လက်ကျန် တပ်စခန်းနေရာတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ထန်တလန်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီတပ်က မြို့ထဲမှာ ခြေကုပ်ယူနေထားတဲ့ အဆောက်အအုံတွေကို အကာအကွယ်လုပ်ပြီး နေကြတာ။ အခု စစ်ကောင်စီတပ်တွေ အခိုင်မာယူထားတဲ့ လိုင်ဗီလာကို ရပြီ။ စစ်ကောင်စီတပ်တွေက ကျန်တော့ကျန်နေ သေးတယ်။ မြို့ထဲမှာ တိုက်ပွဲက ဆက်ဖြစ်နေတယ်”

ထန်တလန်မြို့ပေါ်မှာ စစ်ကောင်စီတပ်က တပ်စွဲထားတဲ့ CB Bank နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးနဲ့ ရဲစခန်း စတဲ့ နေရာသုံးခုသာ ကျန်တော့တယ်လို့ သူက ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်နေချိန် စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း လိုင်ဗီလာစခန်းကနေ စစ်ကောင်စီတပ်သား သုံးဦး ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေထံ လက်နက်ခဲယမ်းတွေနဲ့အတူ ဘက်ပြောင်းခိုလှုံလာတယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လိုင်ဗီလာတပ်စခန်းဟာ စစ်ကောင်စီတပ်သား တစ်ရာခန့် အထိုင်ချထားပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်လို့မရအောင် ဂျန်မာစနစ် (Anti drone jammer system) တွေနဲ့ အခိုင်အမာပြင်ဆင်ထားတဲ့ စခန်းဖြစ်တယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ ချင်းအမျိုးသားတပ်မတော် (CNA)၊ ထန်တလန် ဒေသကာကွယ်ရေးတပ်ဖွဲ့ (Thantlang-CDF)၊ ဟားခါးဒေသကာကွယ်ရေးတပ်ဖွဲ့ (Hakha-CDF) နဲ့ ချင်းလဲန်းကောင်စီလက်အောက်က CDFs ပူးပေါင်းတပ်ဖွဲ့တွေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ထန်တလန်မြို့ကို သိမ်းပိုက်နိုင်ဖို့ ဇူလိုင်လ ၂၂ ရက်နေ့ကနေ စတင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီနေ့အထိ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က သေဆုံးသူ ဆယ်ဦးနဲ့ ဒဏ်ရာရသူ သုံးဆယ်ခန့် ရှိနေတယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) ပြောခွင့်ရသူ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ငါးဆယ်ခန့် သေဆုံးတယ်လို့ သူက ဆိုပါတယ်။ ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချို ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်လ နှစ်လအတွင်း ဟားခါးနဲ့ ထန်တလန်မြို့နယ်တွေက စစ်ကောင်စီရဲ့ တပ်စခန်းရှစ်ခုကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

(မှတ်ချက် - ချင်းအမျိုးသားတပ်မတော် (CNA) ပြောခွင့်ရသူ ဆလိုင်းထက်နီ၏ ပြောဆိုချက်ကို ထပ်မံဖြည့်စွက် ရေးသားထားသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။