သပိတ်ကျင်းဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးနေရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်က ကျေးရွာတွေမှာ ဩဂုတ်လ ၁၁ ရက်နေ့က စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့တာကြောင့် ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တကောင်းတိုက်နယ် ဝါးပိုးရုံကျေးရွာက စာသင်ကျောင်းနဲ့ နေအိမ်တွေကို မီးရှို့တာကြောင့် အနီးအနားက ကျေးရွာ ဆယ်ရွာလောက်က ထွက်ပြေးနေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"လွတ်အောင်လောက်ပဲ ရှောင်နိုင်တာပေါ့။ စစ်ကြောင်းလည်းများတယ်။ ပိတ်မိနေရင် အဖမ်းခံရရင်အသတ်ခံရနိုင်တာ ရှိတာပေါ့။ ပြည်သူတွေကတော့ အဆင်ပြေနိုင်သလောက် စစ်ကြောင်းလွတ်ရာလောက်ပဲ ပြေးနိုင်တယ်။ မိုးရွာထဲလည်းပြေးရလွှားရရှိတယ်။ တောကျတော့ ဌက်ဖျားတွေလည်း ဖြစ်တဲ့သူတွေလည်း ရှိတယ်။ ဆေးဝါးကတော့ အလုံအလောက်မရှိဘူး"

စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ ဇူလိုင် ၃၁ ရက်နေ့စပြီး နေ့စဉ် တိုက်ပွဲပြင်းထန်နေတာလို့လည်း သူက ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် နေအိမ် တစ်ရာကျော် မီးရှို့ဖျက်ဆီးခံထားရသလို မင်းကုန်း၊ ဆယ်ဇင်းကုန်း၊ လက်ပန်ကုန်း၊ ပေါ်တော်မူ၊ မတောင်၊ ကျောက်အိုက် ၊ ဝါးပိုးရုံ စတဲ့ကျေးရွာတွေက ဒေသခံ တစ်သောင်းကျော်လည်း ဩဂုတ်လ ၁ ရက်နေ့က စပြီး နီးစပ်ရာ တောတောင်တွေထဲမှာ တိမ်းရှောင်နေကြတယ်လို့ အကူအညီပေးနေသူတွေထံက သိရပါတယ်။

ဩဂုတ် ၁၁ ရက်နေ့က မီးရှို့ဖျက်ဆီးခံရတာတွေနဲ့ပတ်သက်လို့ ပျက်စီးဆုံးရှုံးသွားတဲ့နေအိမ်၊ အဆောက်အအုံစာရင်းကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းပေမယ့် အကြောင်းမပြန်ပါဘူး။