ကလေးမြို့နယ် သာစည်ရွာမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံ ငါးဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် သာစည်ရွာမှာ ဩဂုတ်လ ၁၅ ရက်ကနေ ဩဂုတ် ၂၁ ရက်အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသလို စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့နေတဲ့အပြင် ပြည်သူ ငါးဦးကိုပါ သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတွေက ပြောပါတယ်။

ဩဂုတ်လ ၁၅ ရက်ကစပြီး နေ့စဉ်ရက်ဆက် မီးရှို့ဖျက်ဆီးခံရတာကြောင့် ဒီနေ့အထိ နေအိမ်ရှစ်ရာဝန်းကျင် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူငါးဦးသေဆုံးခဲ့ပြီး မြေပြင်အခြေအနေ မတည်ငြိမ်သေးတဲ့အတွက် သေဆုံးသူတွေရဲ့ အသက်၊ နာမည်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ဩဂုတ်လ ၂၁ ရက်အထိ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ သာစည်ရွာမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဩဂုတ်လ ၂၂ ရက် ဒီနေ့မှာတော့ ပစ်ခတ်သံတွေငြိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရသူတွေလည်း ရှိနေပြီး အရေအတွက်မသိရသေးဘူးလို့ စစ်ရေးအခြေအနေကိုသိတဲ့ ကလေးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သာစည်ရွာကို သူတို့ ဝင်စီးတဲ့အချိန်မှာ ဒီဘက်က တော်လှန်ရေးအဖွဲ့တွေနဲ့ ထိတွေ့မှုရှိတယ်။ အဲဒီကနေစပြီး တောက်လျှောက် သူတို့ လက်နက်ကြီးနဲ့ ထုတာတွေ၊ မီးရှို့တာတွေ၊ ဓာတုလက်နက် သုံးစွဲတာမျိုးတွေ၊ မီးလောင်ဗုံးသုံးစွဲတာမျိုးတွေ တွေ့ရတယ်ပေါ့။ အဲဒီကနေစပြီး သူတို့ မီးရှို့တယ်။ လက်နက်ကြီးကြောင့် ဒဏ်ရာရသူ ရှိသလို သေတဲ့သူရှိတယ်။ ဒီကြားထဲမှာ ဖမ်းဆီးထားတဲ့ ပြည်သူတွေကို သတ်ဖြတ်တာတွေလည်း ရှိတယ်ပေါ့”

စစ်ကောင်စီတပ်ဟာ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ တစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့သလို လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် အငွေ့ရှူမိပြီး မူးဝေအော့အန်သူတွေ ရှိနေတယ်လို့ သူကဆိုပါတယ်။

အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ သာစည်ရွာခံ သုံးထောင်ကျော်အပြင် အနီးအနားက စက္ကန့်၊ မြို့လှ၊ မွန်းလိုင်၊ ထိုမာ၊ လေးအိမ်စု၊ မြို့ကြီးကုန်း၊ ချင်းဆိုင်၊ ဇင်းကလဲ၊ သာယာကုန်း စတဲ့ရွာတွေက ဒေသခံတွေပါ ထွက်ပြေးနေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရှိသူ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လုံခြုံရေးနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကို သူ့အနေနဲ့ မဖြေပေးနိုင်ကြောင်း ဖြေဆိုပါတယ်။

ကလေးမြို့နယ်မှာ တိုက်ပွဲတွေကြာင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ငါးသောင်းထက် မနည်းရှိနေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ကူညီပေးနေ သူတွေကပြောပါတယ်။

မီးရှို့ခံရမှုကိစ္စတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့ရဲ့ သြဂုတ်လ ၈ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း စစ်ကိုင်းတိုင်းမှာ နေအိမ် ၅၇,၅၀၃ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အချက်အလက်တွေအရလည်း စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ခုနစ်သိန်းခွဲကျော်ရှိနေပါတယ်။