ပဲခူးတိုင်း သာယာ၀တီထောင်မှာ ဇူလိုင်လ ၁၉ ရက်နေ့က အာဇာနည်နေ့ အခမ်းအနား လှုပ်ရှားမှုပြုလုပ်ခဲ့လို့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၃၁ ဦး တိုက်ပိတ်ခံထားရပြီး အဲဒီအထဲက ရိုက်နှက်နှိပ်စက်ခံရတဲ့ နိုင်ငံရေး အကျဉ်းသား လေးဦးကတော့ ထောင်တွင်းဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ဩဂုတ်လ ၄ ရက် ဒီနေ့ RFA ကို ပြောပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့က သာယာ၀တီအကျဉ်းထောင်ရဲ့ အမျိုးသားအဆောင်မှာ အာဇာနည်နေ့အထိမ်းအမှတ် အလေးပြုအခမ်းအနားနဲ့ ဆွေးနွေးစကား၀ိုင်း ပြုလုပ်ခဲ့သလို အမျိုးသမီးအဆောင်ဘက်မှာလည်း ဖဲကြိုးနက် ကမ်ပိန်းကို ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလှုပ်ရှားမှုတွေကြောင့် နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးနဲ့ နိုင်ငံရေးအကျဉ်းသား ၁၆ ဦး၊ စုစုပေါင်း ၃၁ ဦးဟာ ဇူလိုင်လ ၁၉ ရက်နေ့ကစလို့ တိုက်ပိတ်ခံထားရတာပါ။ နိုင်ရေးအကျဉ်းသား ၁၆ ဦးထဲက လေးဦးကတော့ အပြင်းအထန်နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေနဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကစလို့ ဒီနေ့အထိ ထောင်တွင်းဆေးရုံမှာ ဆေးကုသမှုခံရယူနေရတာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဆေးရုံတင်ထားရတဲ့သူတွေက အခမ်းအနား ဦးဆောင်သူလို့ ယူဆရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲချုပ် NLD ပါတီရဲ့ ရန်ကုန်တိုင်း သံလျင်မြို့နယ် လူငယ်လုပ်ငန်းအဖွဲ့ စည်းရုံးရေးမှူး ကိုသန်းတိုးအောင်နဲ့ နောက်ထပ် နိုင်ငံရေးအကျဉ်းသား သုံးဦးတို့ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။
“အခုလောလောဆယ်တော့ ထောင်တွင်းဆေးရုံမှာတော့ တင်ထားရတယ်။ သူ (ကိုသန်းတိုးအောင်) ဆေးရုံ တင်ရပြီး နောက်ထပ်တစ်ရက်လောက်နေမှာ နောက်ထပ်သုံးဦးလည်း ဆေးရုံထပ်တက်ရတယ်။ ပြင်းပြင်းထန်ထန် ရိုက်နှက် ခံထားရတယ်ဆိုတာကိုတော့ ကျနော်တို့ အတည်ပြုနိုင်တယ်။ ကိုသန်းတိုးအောင် ကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်။ ဆေးကုသမှုခံယူပြီးရင်တော့ တိုက်ထဲပြန်ထားမယ်လို့ ပြောတယ်”
အမျိုးသားအဆောင်က တိုက်ပိတ်ခံရသူတွေက ကိုရန်နိုင်စိုး၊ ဦးလှစိုး၊ ကိုစုတ်ဖွားကြီး၊ တာမွေကိုဇွဲ (ခ) ကိုခင်မောင်ကျော်၊ ဒေါက်တာကိုဂျိုး၊ လက်ပံတန်းမြို့နယ်က ကိုအိုဘီနဲ့ CDM ဗိုလ်ကြီးတစ်ဦးတို့ဖြစ်ပြီး ကျန်သူတွေရဲ့ နာမည်တွေကိုတော့ ဆက်လက်စုံစမ်း နေတယ်လို့ သူက ဆိုပါတယ်။
အမျိုးသမီးဆောင်က တိုက်ပိတ်ခံရသူတွေကတော့ မနှင်းလဲ့နန္ဒာလွင်၊ မရွှန်းအိဖြူ၊ မနီလာစိမ်း၊ မဆုရည်ပိုင်၊ မဝတ်ရည်လွင်၊ မအေးသီတာကျော်၊ မရီရီဆွေ၊ မလွင်လွင်ညွန့်၊ မစန္ဒီညွန့်ဝင်း၊ မအေးသက်စံ၊ မရွှေရည်ညွန့်(ခ) သဲသဲ၊ မယမင်းထက်၊ မထူးထက်ထက်ဝေ၊ မမျိုးသန္တာထွန်းနဲ့ မမိုးမြတ်သဇင်တို့ ဖြစ်ကြပါတယ်။
အမျိုးသမီးအကျဉ်းသူတွေကိုတော့ ထောင်ရဲ့တိုက်အမှတ် (၂၀) မှာ တစ်ဦးချင်းစီ တိုက်ပိတ်ထားပြီး သက်ဆိုင်ရာ အဆောင်တွေကို ပြန်မရောက်လာသေးသလို သူတို့ရဲ့ ကျန်းမာရေးအခြေအနေတွေကိုလည်း မသိရသေးဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
သာယာ၀တီထောင်နဲ့ နီးစပ်တဲ့ နောက်ထပ် သတင်းအရင်းအမြစ် တစ်ဦးကလည်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေ တိုက်ပိတ်ခံထားရတာ မှန်ကန်ကြောင်း RFA ကိုပြောပါတယ်။
နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေကို တိုက်ပိတ်ထားတာကို ဆန့်ကျင်တဲ့အနေနဲ့ ကျန်နိုင်ငံရေး အကျဉ်းသားတွေက ထောင်တွင်းမှာ ရောင်းချတဲ့ စျေးဆိုင်မှာ စျေးမဝယ်ဘဲ သပိတ်မှောက် ဆန့်ကျင်တာတွေ လုပ်နေတယ်လို့လည်း သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ နေပြည်တော်အခြေစိုက် အကျဉ်းဦးစီးဌာနရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဩဂုတ်လ ၁ ရက်နေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာတော့ သာယာ၀တီ ထောင်က အကျဉ်းသား၊ အကျဉ်းသူ ၂၅၄ ဦးလွတ်မြောက်ခဲ့ပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတချို့ ပါဝင်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
သာယာ၀တီအကျဉ်းထောင်ထဲမှာ အမှုရင်ဆိုင်နေရဆဲနဲ့ ထောင်ဒဏ်ကျခံနေရသူ နိုင်ငံရေးအကျဉ်းသား ၇၀၀ ကနေ ၉၀၀ ကြား ကျန်ရှိနိုင်သေးတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသာများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဩဂုတ်လ ၃ ရက်နေ့ထိ စာရင်းအရ နိုင်ငံတစ်ဝန်းက ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၁၉၆၈၁ ဦး ထိန်းသိမ်းခံ ထားရဆဲဖြစ်ပြီး အဲဒီအထဲက ၆၉၄၅ ဦး ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။