ပဲခူးတိုင်း၊ သာယာ၀တီအကျဉ်းထောင်မှာ အာဇာနည်နေ့အထိမ်းအမှတ် ဖဲကြိုးအနက်ရောင် ရင်ဘတ်မှာ တပ်ဆင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသူ ၁၅ ဦး ဇူလိုင်လ ၁၉ ရက်နေ့ကနေ ဒီနေ့အထိ တိုက်ပိတ်ခံထားရတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
တိုက်ပိတ်ခံထားရသူတွေထဲမှာ ထောင်သုံးနှစ်ကနေ ထောင်တစ်သက်ထိ ချမှတ်ခံထားရသူတွေ ပါဝင်ပြီး ထောင်ရဲ့တိုက်အမှတ် (၂၀) မှာ ထောင်အာဏာပိုင်တွေက တစ်ဦးချင်းစီ တိုက်ပိတ်ထားတာလို့ ဆိုပါတယ်။
တိုက်ပိတ်ခံရသူတွေက မနှင်းလဲ့နန္ဒာလွင်၊ မရွှန်းအိဖြူ၊ မနီလာစိမ်း၊ မဆုရည်ပိုင်၊ မဝတ်ရည်လွင်၊ မအေးသီတာကျော်၊ မရီရီဆွေ၊ မလွင်လွင်ညွန့်၊ မစန္ဒီညွန့်ဝင်း၊ မအေးသက်စံ၊ မရွှေရည်ညွန့်(ခ)သဲသဲ၊ မယမင်းထက်၊ မထူးထက်ထက်ဝေ၊ မမျိုးသန္တာထွန်းနဲ့ မမိုးမြတ်သဇင်တို့ ဖြစ်ကြပါတယ်။
သူတို့အားလုံးရဲ့ ကျန်းမာရေး အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက RFA ကိုပြောပါတယ်။
“အာဇာနည်နေ့က ဖဲကြိုးအနက်ရောင်ကမ်ပိန်း လုပ်တယ်ပေါ့ နိုင်ငံရေး အကျဉ်းသူတွေက။ အဲဒီအထဲက ၁၅ ဦးကို ဇူလိုင်လ ၁၉ ရက်နေ့ကတည်းက တစ်ခါတည်းခေါ်ပြီး တိုက်ပိတ်လိုက်တယ် ဒီနေ့အထိပေါ့နော်။ သူတို့ရဲ့ ကျန်းမာရေး အခြေအနေတွေဘာတွေတော့ မသိရသေးဘူး”
သာယာ၀တီထောင်နဲ့နီးစပ်တဲ့ နောက်ထပ် သတင်းအရင်းအမြစ် တစ်ဦးကလည်း နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးတိုက်ပိတ်ခံထားရတာ မှန်ကန်ကြောင်း RFA ကိုအတည်ပြုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ အကျဉ်းဦးစီးဌာနပြောခွင့်ရသူကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ဩဂုတ်လ ၁ ရက်နေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာတော့ သာယာ၀တီထောင်က အကျဉ်းသား၊ အကျဉ်းသူ ၂၅၄ ဦးလွတ်မြောက်ခဲ့ပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတချို့ ပါဝင်လာတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
သာယာ၀တီအကျဉ်းထောင်ထဲမှာ တရားရင်ဆိုင်နေရဆဲနဲ့ ထောင်ဒဏ်ကျခံနေရသူ နိုင်ငံရေးအကျဉ်းသား ခုနစ်ရာကနေ ကိုးရာကြား ကျန်ရှိနိုင်သေးတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။