ရိုဟင်ဂျာတွေ ထွက်ပြေးရမှု ၅ နှစ်ပြည့်အတွက် နိုင်ငံတကာရဲ့ ထုတ်ပြန်ချက်တွေကို စစ်ကောင်စီရှုတ်ချ

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ နှစ်ပတ်လည်နေ့ အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူအပါအဝင် နိုင်ငံတချို့နဲ့ အဖွဲ့အစည်းတချို့က ထုတ်ပြန်တဲ့ ကြေညာချက်တွေအပေါ် ပြင်းထန်စွာ ရှုတ်ချငြင်းဆိုတယ်လို့ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၂၅ ရက်နေ့စွဲနဲ့ထုတ်ပြန်ပါတယ်။

၂၀၁၇ ခုနှစ် ပဋိပက္ခ နှစ်ပတ်လည်နေ့အတွက် ထုတ်ပြန်ချက်တွေဟာ စစ်မှန်မှုကင်းမဲ့သလို အတည်မပြုနိုင်တဲ့ သတင်းရင်းမြစ်တွေကို အခြေခံပြီး တစ်ဖက်သတ် ရေးသားထားရုံမက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ထားတယ်လို့လည်း ပါဝင်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်ထဲက ရဲကင်းစခန်း ၃၀ နဲ့ တပ်ရင်းဌာနချုပ်တစ်ခုကို ရခိုင်ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA အကြမ်းဖက်အဖွဲ့က တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာကြောင့် နယ်မြေလုံခြုံရေး၊ အေးချမ်းသာယာရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက တည်ဆဲ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လိုအပ်သလို အရေးယူ ဆောင်ရွက်ခဲ့ကြတာလို့ ဆိုပါတယ်။

“ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရနဲ့ ပြည်သူတွေက အသိအမှတ် မပြုကြောင်းနဲ့ နိုင်ငံတကာရဲ့ထုတ်ပြန်ချက်တွေမှာ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အတွက် ARSA အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ဖုံးကွယ်ထားရုံသာမက မြန်မာအစိုးရ၏ အပြုသဘောဆောင်တဲ့ အရေးယူဆောင်ရွက်မှုတွေကို လျစ်လျူရှု ထားတယ်လို့လည်း စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။