သတင်းထောက်နာမည် ဖော်ထုတ်ပေးရေး တောင်းဆိုချက် တရားရုံးက ပယ်ချ
2012.05.23
၂၀၁၂ ခုနှစ် မတ်လ ၁၂ ရက်နေ့ထုတ် The Voice Weekly Journal မျက်နှာဖုံးအားတွေ့ရစဉ်။
ဒီအမှုကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်တရားရုံးမှာ (၅) ကြိမ်မြောက်အဖြစ် ဒီကနေ့ စစ်ဆေးခဲ့ပြီး၊ နှစ်ဘက်အကျိုးဆောင် ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေကို ကြားနာပြီးတဲ့နောက် တရားသူကြီး ဒေါ်ခင်သန့်စင်က အခုလို ဆုံးဖြတ်လိုက်တာလို့ The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ထုတ် The Voice ဂျာနယ်မှာ ဝန်ကြီးဌာနတချို့ သိန်းထောင်ချီ ငွေကြေး အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိဆိုတဲ့ ခေါင်းစဉ်နဲ့ ပြန်ကြားရေး၊ စိုက်ပျိုးရေး၊ စက်မှုနဲ့ သတ္တုတွင်း ဝန်ကြီးဌာနတွေအပါအဝင် ဝန်ကြီးဌာန (၆) ခုရဲ့ ၂၀၀၉ ကနေ ၂၀၁၁ ခုနှစ်အတွင်း ငွေကြေး အလွဲသုံးစားမှုတွေ အကြောင်း သတင်းဖော်ပြခဲ့ပါတယ်။ ဒီသတင်းဟာ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီထံ တင်သွင်းတဲ့ အစီရင်ခံစာပါ အချက်အလက်တွေကို ကိုးကားပြီး ဖော်ပြခဲ့တာလို့ သိရပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ် အယ်ဒီတာချုပ်၊ ထုတ်ဝေသူနဲ့ သတင်းရေးသားသူတို့ကို ပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။
သတင်းထောက်နာမည် ဖော်ထုတ်ပေးရေး ကိစ္စကို တရားရုံးက ဒီကနေ့ ပယ်ချလိုက်တဲ့အတွက် သတင်းထောက်ကို အကာအကွယ် ပေးနိုင်ခဲ့ပြီ ဖြစ်ပေမယ့် ပင်မတရားစွဲဆိုမှု ဖြစ်တဲ့ ပုဒ်မ ၅၀၀ အသရေဖျက်မှု အတွက်ကိုတော့ လာမယ့် ဇွန်လ ၆ ရက်နေ့ မှာ နှစ်ဘက် ရှေ့နေတွေ တရားရုံးမှာ လျှောက်လဲကြရမယ်လို့ သိရပါတယ်။









